Friday, May 21, 2021

မိရိုးဖလာ ရိုးရာအလုပ်များဖြင့် ပျော်မွေ့နေကြသော လယ်သမားတို့၏ဘဝ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားစိုက်ပျိုးသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်၏ ၇၀ ရာခိုင်နှုန်းကျော် လူဦးရေသည် တောင်သူလယ်သမားများ ဖြစ်ကြသည်။ ထိုသို့စိုက်ပျိုးရေးကို အဓိကထားပြီး ရွံ့တွေ ဗွက်တွေထဲတွင် တစိုက်မတ်မတ်စိုက်ပျိုး လုပ်ကိုင်ရသောကြောင့် လယ်သမားတို့၏ ဘဝသည် ကြမ်းတမ်းသည်၊ ခက်ထန်သည်၊ နုံချာသည်၊ အနေစုတ်သည်၊ စာမတတ်သူနည်းပါး၍ တောသူတောင်သားများမှာ အသိပညာ ဗဟုသုတ နည်းပါးသည်ဟု လူအများ၏ အထင်သေး ဆက်ဆံခြင်းကို ခံရသည်။ ရှေးအခါက တောရွာများသည် မြို့နှင့်အလှမ်းဝေးသည့်အပြင် လမ်းခရီးကလည်း ကြမ်းတမ်း၊ ရွံ့တွေ၊ ဗွက်တွေနဲ့မို့ သွားရေးလာရေး ခက်ခဲသောကြောင့် မိဘများမှာ သားသမီးများ၏ ပညာရေးကို ဆုံးခန်းတိုင်အောင် မထားနိုင်ရှာပေ။
ထိုအချိန်ခါက တောရွာများတွင် စာသင်ကျောင်းများ ယခုကဲ့သို့ ကျောင်းသားဦးရေနှင့် လိုက်လျောညီထွေမှုရှိအောင် များများစားစား မရှိကြသေးဘဲ လေးရွာ၊ ငါးရွာမှ စာသင်ကျောင်း တစ်ကျောင်းလောက်သာ ရှိလေသည်။ ဒါတောင် မူလတန်း အဆင့်လောက်သာ ရှိပြီး ၄ တန်းအောင်လို့ ၅ တန်းတက်သည့်အခါ မြို့ကျောင်းများသို့ ကျောင်းပြောင်းပြီး ထားကြရသည်။ တချို့ မိဘများမှာဆိုလျှင် ငွေရေးကြေးရေး ပြည့်စုံမှုမရှိသည့်အပြင် လမ်းခရီးကလည်းဆိုး ဝေးလည်းဝေးသောကြောင့် ငါးတန်းလောက်ဖြင့် ကျောင်းထုတ်ခါ မိမိတို့နှင့်အတူ လယ်တော ယာတောထဲသို့ ဆင်းစေပြီး မိရိုးဖလာ လုပ်ငန်းများဖြစ်သော ကောက်စိုက်၊ ပျိုးနုတ် အလုပ်များဖြင့်သာ ရွံ့တွေဗွက်တွေထဲတွင် နပန်းလုံး နေကြရတော့သည်။
နဂိုကမှ ရိုးအေးသည့် မိသားစုများမှ ပေါက်ဖွားလာသူများ ဖြစ်သောကြောင့် ပညာမတတ်သည့်အခါ နုံအပြီး အတွေးအခေါ်များပါ ညံ့ဖျင်းသွားတော့သည်။ သို့သော် တောသူတောင်သားများသည် စိတ်ဓာတ်ကတော့ ရိုင်းစိုင်း၊ ယုတ်ညံ့၊ ကောက်ကျစ်သူများ မဟုတ်ကြပေ။ ရိုးသည်၊ အသည်၊ ဧည့်သည်များ လာလျှင်လည်း ခင်မင်တတ်သည် ပျူငှာဖော်ရွေမှု ရှိသည်။ ကျွေးချင်မွေးချင်စိတ် ရှိကြသည်။ ပြောစရာရှိလျှင်လည်း အရိုးခံသမားတွေမို့ ပွင့်ပွင့်လင်းလင်းပင် ပြောတတ်ကြသည်။ မြို့သူ မြို့သားများက အသိပညာ ဗဟုသုတနှင့် အတတ်ပညာများ သာပေလိမ့်မည်။ စိတ်ထားကတော့ တောသူ တောင်သားများက ကောင်းပြီး ရိုးသားဖြူစင်ကြသည်။ သို့သော် တောရွာသူ တောရွာသားများက ဟောဟောဒိုင်းဒိုင်းဖြင့် ဘွင်းဘွင်းသမားများ ဖြစ်ကြသည်။
တောရွာများတွင် ဆိုရိုးစကားတစ်ခုသည် " သူ့အရပ်နှင့်သူ့ဇာတ် '' တဲ့ သူ့အရပ်ဒေသနှင့်သူ နေရာဒေသ သဘောထားများ လူနေမှုစရိုက်လက္ခဏာ စိတ်နေသဘောထားများကတော့ ကွဲလွဲပေလိမ့်မည်။ တောရွာသူ တောရွာသားများသည်။ ဟန်ဆောင်မှုကင်းပြီး ရိုးရှင်းသော အဖြူထည်သက်သက် သမားများသာ ဖြစ်ကြသည်။ လူလိမ်၊ လူညာ၊ လိမ်လည် လှည့်ပတ်သူများ မရှိပေ။ သို့သော် စုန်းပြူးတစ်ယောက် တစ်လေတော့ ရှိပေလိမ့်မည်။ တောင်သူလယ်သမား ဦးကြီးများသည် ရွံ့တွေ ဗွက်တွေနဲ့ တစ်နေကုန် ရုန်းကန်လှုပ်ရှား နေရပေမဲ့ သူတို့၏ ရှေးရိုးစဉ်လာ ရိုးရာအလုပ်များဖြင့် မအားနိုင်ရှာပေ။ လယ်ထွန်၊ ကောက်စိုက်၊ ပျိုးနုတ်ကြရင်းဖြင့် တေးသီချင်းများ သံစုံဟစ်ခါ စကြနောက်ကြ အော်ကြဟစ်ကြရင်းဖြင့် လယ်ကွင်းထဲတွင် ပဲတင်သံများထပ်နေပြီး တစ်နေကုန် အလုပ်များ လုပ်ကြရသဖြင့် ပင်ပန်းနေကြသော်လည်း အော်ကာဟစ်ကာ စကာနောက်ကာဖြင့် ရယ်စရာများပြော၍ လူပင်ပန်းမှုကို စိတ်အေးချမ်းမှုဖြင့် ဖြေဖျောက်နေကြရသည်။ မိုးဦးစတာနဲ့ ထွန်ယက်စိုက်ပျိုးပြီး လယ်ဧကများသူတွေမှာ နှစ်လခွဲလောက်ကြာအောင် စိုက်ပျိုးကြရသည်။ သို့သော် စိုက်ပျိုးရန်ရေနှင့် ပျိုးနုတ်သူ ကောက်စိုက်သမ အဆင်သင့်ရှိပါမှ အဆင်သင့်မရှိလျှင် သုံးလလောက်တော့ ကြာအောင်စိုက်ပျိုး ကြရသည်။ စိုက်ပျိုးပြီး၍ မနားရသေးချေ။ စိုက်ပျိုးပြီးစီးသည့် လယ်ကွင်းသို့ မကြာခဏလာပြီး ပေါင်းမြက်နုတ်ခြင်း၊ လယ်ကတွတ်ပိတ်ခြင်း၊ မြေဩဇာကျွေးခြင်းများ ပြုလုပ်ရသေးသည်။

မိုးကုန်လို့ ဆောင်းကူးရင်ဖြင့် စပါးပင်များရင့်မှည့်ကာ ရိတ်သိမ်းကြရပြီး ကောက်လှိုင်းများကို ကန်သင်းပေါ်တင်၊ ထယ်များထိုး၊ ထွန်များမွှေကာ မတ်ပဲ၊ ကုလားပဲများ ပြန်၍စိုက်ပျိုးကြ သေးသည်။ ဤသို့ဖြင့် လယ်သမား ယာသမားများ၏ဘဝသည် လယ်ကွင်းထဲမှ ပြန်ရသည်မရှိဘဲ တစ်နှစ်ပတ်လုံး လုံးလည်ချာလည်လိုက်ခါ ထွန်ကြယက်ကြ စိုက်ပျိုးကြရင်းဖြင့် သီချင်းလေးများ ဆိုညည်းကာ ဘိုးဘွားလက်ထက်က ဆင်းသက်လာခဲ့သည့် မိရိုးဖလာ ရိုးရာအလုပ်များဖြင့် သူတို့ဘဝလေးတွေ ပျော်မွေ့နေကြလေတော့သည်။ 

ဇေယျာထက် (မင်းဘူး)

0 comments:

Post a Comment