Monday, March 28, 2016

ငဖဲမြို့အနီး မန်းချောင်းတံတား(ချောင်းဖြူ)ဖွင့်လှစ်





ငဖဲ မတ် ၂၆
                  
၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်၊တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း ၁၄၁၀ အသုံးပြု၍ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ တံတားအထူးအဖွဲ့(၆)မှ တာဝန်ယူတည်ဆောက်သော မန်းချောင်းတံတား(ချောင်းဖြူ)ဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက် ၉နာရီခွဲအချိန်က အဆိုပါတံတားမုဉ်ဦးရှေ့၌ ကျင်းပသည်။
                   အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ အဖွင့်အမှာစကားပြောကြားပြီး ငဖဲမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဥက္ကဌ ဦးစိုးသိန်းမှ ဒေသခံများကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်။ထို့နောက် မကွေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီးဦးဝင်းဖေ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊လမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းဖေ ၊ အင်ဂျင်နီယာချုပ်ဦးကျော်ကျော် နှင့် မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးတိုင်းဒေသကြီး ၀န်ကြီးချုပ်မှ ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ တာဝန်ရှိသူများမှကျောက်စာတိုင်အား အမွှေးနံ့သာရည်ပက်ဖြန်းပေးခဲ့ သည်။ ဆက်လက်၍ တံတားဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဧည့်သည်တ်ာများ ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ကျောင်းသူလေးများနှင့် ဒေသခံချင်းတိုင်းရင်းသူလေးများက မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးကြပြီး တက်ရောက်လာသူများမှ မန်းချောင်းတံတား(ချောင်းဖြူ)ပေါ်သို့ ဖြတ်သန်းကြည့်ရှုကြသည်။
အဆိုပါတံတားသည် ငဖဲ-စေတုတ္တရာလမ်း၊ မိုင်တိုင်အမှတ်(၉/၄ - ၉/၅)ကြား ၊ငဖဲမြို့အနီးတွင်တည်ရှိပြီး မန်းချောင်းရေကြီးရေလျှံမှု နှစ်စဉ်ကြုံတွေ့ခဲ့ရကာ ၂၀၁၅ ခုနှစ်မိုးရာသီကာလ၌ ရေတိုက်စားမှုကြောင့်သစ်သားတံတားချောင်းအတွင်းမျောပါခဲ့ရာ ဒေသခံပြည်သူများသွားလာမှုအခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ယခုဆောက်လုပ်ခဲ့သည့်တံတားမှာ အရှည် (၅၄၀)ပေ၊အကျယ် ၂၄ပေ(နှစ်လမ်းသွား)၊လူသွားလမ်းအကျယ်တစ်ဘက်(၃)ပေစီဖြင့် တံတားခံနိုင်ဝန် တန်(၆၀)ရှိ သံကူကွန်ကရစ်အမျိးအစားဖြစ်ကာ၂၀၁၅ခုနှစ်မတ်လ ၃ရက်နေ့တွင် စီမံကိန်းစတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် လုပ်ငန်းများပြီးစီးခဲ့ပြီး မန်းချောင်းတံတား(ချောင်းဖြူ)အားဖွင့်လှစ်ခဲ့သဖြင့် ရာသီမရွေးသွားလာနိုင်တော့မည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများ ၀မ်းမြောက်ပျော်ရွှင်လျက်ရှိကြောင်း သိရှိရသည်။

                                                                                                                   သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment