စလင်း ဖေဖော်ဝါရီ ၅
===========================
မကွေးတိုင်းဒေသကြီး၊
စလင်းမြို့နယ်၊ မြင်းခင်းသာကျေးရွာရှိ ကျေးလက်နေပြည်သူများ
သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေးအတွက်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀ -၂၀၂၁ခု
ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေကျပ် ၁၄ ဒသမ ၈ သန်း
အသုံးပြုပြီး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနက သိရသည်။
မြင်းခင်းသာကျေးရွာတွင်
သောက်သုံးရေရရှိရေးအတွက် အနက်ပေ ၅၀၀ ရှိ လေးလက်မစက်ရေတွင်းတူးဖော်ခြင်း၊
အလျား ၁၀၊ အနံ ၈ ပေ၊ အမြင့် ၈ ပေ ရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းတို့ကို စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက
အင်ဂျင်နီယာများ စုဖွဲ့မှုဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ
စက်ရေတွင်းတူးဖော်ပြီးစီကာ ရေထွက်နှုန်း တစ်နာရီလျှင် ဂါလံ ၁၂၀၀
ထွက်ရှိပြီး ကျန်လုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိရာ လုပ်ငန်းများ ၇၅
ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်၍ အဆိုပါလုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်ပြီးပါက ကျေးရွာရှိ အိမ်ခြေ ၅၇ ၊ လူဦးရေ ၂၃၀ ဦးအား အကျိုးပြုသွားမည်ဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က သိရသည်။
"ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့တော့
ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို
ဦးစားပေးဆောင်ရွက်နေပါတယ်။ နွေရာသီကာလ သောက်သုံးရေ
ရှားပါးနိုင်တဲ့ကျေးရွာတွေကို ဦးစားပေးအလိုက် ရွေးချယ်ပြီး
ရေရှားပါးနိုင်မှုမရှိစေရေး ကျေးရွာပြည်သူများနှင့်အတူ
လက်တွဲကြိုးပမ်းဆောင်ရွက်နေပါတယ်"ဟု စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးခိုင် က ပြောပြသည်။
သူရိန်(DRD)