Monday, December 14, 2020

ပွင့်ဖြူမြို့နယ်တွင် တောင်သူများ မြေအောက်ရေ ဖြင့် စိုက်ပျိုးသည့် သခွါးသီးနှံစိုက်ပျိုးရေး လုပ်ငန်း အောင်မြင်ဖြစ်ထွန်း 

ပွင့်ဖြူ       ဒီဇင်ဘာ       ၁၄



မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု ၊ ညောင်ကုန်းကျေးရွာ တွင် ဒေသခံတောင်သူများ မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြု၍ (နွေ ၊ မိုး ၊ ဆောင်း) ရာသီမပြတ် သခွါးသီးနှံကို အဓိကစီးပွားဖြစ် စိုက်ပျိုး လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း မှုရှိပြီး ရောင်းချရာတွင်လည်း ဈေးကောင်း ရရှိသည့်အတွက် လုပ်ငန်းအဆင်ပြေလျက်ရှိ ကြောင်း အဆိုပါကျေးရွာမှ သခွါးသီးနှံစိုက်ပျိုး တောင်သူများထံက သိရသည်။ 
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သည် မဲဇလီရေလွှဲဆည်ရေဖြင့် စပါး ၊ နှမ်း ၊ မြေပဲ ၊ ကုလားပဲ ၊ ပဲထောပတ် ၊ ပဲတီစိမ်း ၊ နေကြာ စသည့် သီးနှံများကို စိုက်ပျိုး ကြသည့် အပြင် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြု၍ ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံနှင့် ဘုရားပန်းမျိုးစုံတို့ကို စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။ 



အချို့ ကျေးရွားများရှိ ဒေသခံတောင်သူများမှာ ဉယျာဉ်ခြံမြေများပြုလုပ်ကာ ဖီးကြမ်းငှက်ပျော ၊ သီးမွှေးငှက်ပျော ၊ ငှက်ပျောချဉ် နှင့် နှစ်ရှည်သီးနှံများဖြစ်သည့် ပိန်နဲ ၊ သရက် ၊ သနပ်ခါး ၊ လျှော်ဖြူ ၊ မန်ဂျက်ရှား ၊ ရှောက်ပင် ၊ သံပုရာပင်များကိုလည်း စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ 

ထိုသို့ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာ၌ ယခုလို ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလတွင် ဟင်းသီးဟင်းရွက် စားပင်သီး နှံစိုက်ပျိုးရေးလုပ်ငန်းမှာ တောင်သူများအတွက် နေ့စဉ်မိသားစုဝင်ငွေရရှိသည့်အတွက် တောင်သူများက (နွေ၊ မိုး ၊ ဆောင်း ) ဟင်းသီးဟင်းရွက်စားပင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်နေကြကြောင်း သိရကာ ယခုနှစ်တွင် တောင်သူများ စိုက်ပျိုး သည့် ဟင်းသီးဟင်းရွက်စားပင်သီးနှံများ တွင် သခွါးသီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင် ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင်လည်း ဈေးကောင်းရရှိသည့်အတွက်လုပ်ငန်းအဆင်ပြေ လျက်ရှိနေကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်း ကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။ 



ကျွန်တော်တို့ကျေးရွာက ဒေသခံတောင်သူ တွေဟာ နေ့စဉ်သီးနှံဝင်ငွေရရှိတဲ့ ဟင်းသီးဟင်းရွက်စားပင်သီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ 

ယခင်ကဆိုရင် ဟင်းသီးဟင်းရွက်စားပင်သီးနှံ တွေကို မိရိုးဖလာစိုက်ပျိုးလုပ်ကိုင်ကြပါ တယ်။ 
ခုတော့ တစ်ဖြည်းဖြည်းနဲ့ စိုက်ပျိုးရေးနည်း ပညာတွေ တိုးတက်လာတာနဲ့အမျှ တောင်သူအကျိုးအမြတ်ရှိတဲ့ စိုက်ပျိုးရေး နည်းစနစ်တွေကို ပြောင်းလဲစိုက်ပျိုး လုပ်ကိုင်ကြပါပြီ ။ ယခုနှစ်မှာဆိုရင် မျှားနီစိုက်ပျိုးရေးကုမ္ပဏီမှ ထုတ်လုပ်တဲ့ ဆမ်းမားသခွါး သီးနှံမျိုးကို စိုက်ပျိုးရာမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာမှာလည်း ဈေးကောင်းရရှိလို့ တောင်သူတွေ စီးပွားရေးတွက်ချေ ကိုက်ပါတယ်။ သခွါးသီးနှံက စိုက်ပျိုးပြီး(၁)လခွဲအကြာမှာ ရောင်းတန်း ဝင်သခွါးသီးများကို ဆွတ်ခူးရောင်းချရပြီး အပင်ရေ ၁၀၀၀ စိုက်ပျိုးပါက စိုက်ပျိုးစရိတ် အရင်းအနှီး ငွေကျပ် ခုနှစ်သောင်းခွဲကျပ်ခန့် ကုန်ကျမှုရှိပြီး သီးနှံဝင်ငွေအနေဖြင့် အနည်းဆုံး ငွေကျပ် သုံးသိန်းမှ လေးသိန်း အထိ အကျိုးအမြတ်ရရှိပါတယ်။ ဒါ့ကြောင့် ဆမ်းမားသခွါးသီးနှံကို တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ပါတယ် ဟု ပွင့်ဖြူမြို့နယ်ညောင်ကုန်းကျေးရွာမှ ဟင်းသီးဟင်းရွက်စားပင်သီးနှံစိုက်ပျိုးလုပ်ကိုင်သူ ကိုသန်းဌေးအောင် က ပြောသည်။   

 ရဲဝင်းနိုင် ( ညောင်ဦး )



0 comments:

Post a Comment