Thursday, December 17, 2020

 ပွင့်ဖြူမြို့နယ်၌ ဘူးသီးနှံစိုက်ပျိုးတောင်သူများ အသီးဈေးထက် အညွန့်ဈေးကောင်း၍ လုပ်ငန်းအဆင်ပြေ


ပွင့်ဖြူ ဒီဇင်ဘာ  ၁၆ ရက်

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု ၊ ညောင်ကုန်းကျေး ရွာတွင် ဒေသခံတောင်သူများ မုန်းချောင်းရေနှင့် မြေအောက်ရေကို အသုံးချပြီးဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံတို့ကို စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြ ကြောင်းသိရသည်။


အဆိုပါ စီးပွားဖြစ် စိုက်ပျိုးသည့် ဟင်းသီး ဟင်းရွက်စားပင်သီးနှံများတွင် ဘူးသီးစိုက်ပျိုး ရေးလုပ်ငန်းမှာ ဈေးကွက်တွင် အသီးဈေး နှုန်းထက် အညွန့်ခူး၍ ရောင်းချခြင်းမှာ တောင်သူများအတွက် ပိုမိုတွက်ချေကိုက်ကာ လုပ်ငန်း အဆင်ပြေနေကြကြောင်း သိရသည်။ 


 ဘူးသီးစိုက်ပျိုးရေးလုပ်ငန်းသည် ပင်ပြန့် စိုက်ပျိုးနည်းနှင့် စင်ထိုး၍ စိုက်ပျိုးနည်း ဟူ၍ (၂)မျိုးရှိပြီး ပင်ပြန့်စိုက်ပျိုးပါက အသီးသီး ရာတွင် ဖြစ်ထွန်းမှုနည်းပြီး စင်ထိုး၍ စိုက်နည်း စနစ်ဖြင့် စိုက်ပျိုးပါက ပိုမိုအောင်မြင်ဖြစ်ထွန်းမှု ရှိကာ အသီးများ ပို၍သီးကြောင်း ဘူးပင်စိုက်တောင်သူများထံကသိရသည်။


ဟင်းသီးဟင်းရွက်စားပင်သီးနှံစိုက်ပျိုးရေးလုပ် ငန်းမှာ အခြားသီးနှံများထက် နေ့စဉ်ဝင်ငွေ ရရှိသည့်အတွက် တောင်သူများက ဟင်းသီးဟင်းရွက်စားပင်သီးနှံစိုက်ပျိုးခြင်းကို အားထားစိုက်ပျိုးကြကြောင်း သိရသည်။


 ဘူးသီးစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး (၂)လကြာပါက အသီးနှင့် အညွန့်များကို ဆွတ်ခူးရောင်းချရကြောင်း ၊ လက်ရှိတွင် ဈေးကွက်၌ ဘူးသီးတစ်လုံးလျှင် ငွေကျပ် ၅၀၀ နှုန်း ရောင်းချရပြီး ၊ ဘူးညွန့်တစ်ညွန့်လျှင် ၁၅ ကျပ် နှုန်း ရောင်းချ နေရသဖြင့် စီးပွားရေး တွက်ချေကိုက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု ၊  ညောင်ကုန်း ကျေးရွာမှ ဟင်းသီးဟင်းရွက်စား ပင်သီးနှံစိုက်ပျိုး လုပ်ကိုင်သူ ကိုသန်းဌေးအောင် က ပြောသည်။ 


 ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေ အဆင်ပြေမှုနှင့် ရာသီဉတု မျှတကောင်းမွန်မှုကြောင့် အညာကျေး လက်ဒေသများရှိ ဒေသခံတောင်သူများသည် မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေ ရရှိသည့် ဟင်းသီးဟင်းရွက်စားပင် သီးနှံ စိုက်ပျိုးရေး လုပ်ငန်းကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရပြီး ယခုနှစ်တွင် ဘူးသီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ အသီးဈေးထက် အညွန့်ဈေးနှုန်း ကောင်းသည့်အတွက် ဘူးသီးနှံ စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေ လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောပြသည်။    


သတင်း /ဓာတ်ပုံ ရဲဝင်းနိုင် ( ညောင်ဦး )

0 comments:

Post a Comment