Monday, September 7, 2020

ပိုးတွေ့အတည်ပြုလူနာ Case (1155) တည်းခိုနေထိုင်သွားခဲ့သော မင်းဘူးမြို့ရှိ ဟော်တယ်တစ်ခုကို Lock Down ချထား

မင်းဘူး စက်တင်ဘာ ၅ ပိုးတွေ့အတည်ပြုလူနာ Case (1155) တည်းခိုနေထိုင်ခဲ့သော မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ မန်းသီတာဟော်တယ်ကို ယနေ့နံနက်ပိုင်းမှ စ၍ Lock Down ချထားကြောင်း မင်းဘူးခရိုင်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ(၄)ရက်နေ့အတွက် ဓါတ်ခွဲ စစ်ဆေးမှုများကို စက်တင်ဘာ (၅)ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်၌ သတင်း ထုတ်ပြန်ခဲ့ရာတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာစာရင်းထဲမှ Case (1155) သည် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်အတွင်း ခရီသွားလာခဲ့သူဖြစ်ကြောင်း သိရသည်။ Case (1155) ပါ (၈) ဦးအဖွဲ့၏ ခရီးသွားရာဇဝင်ကို စိစစ်ရာတွင် စေတုတ္တရာ မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးအော်ပရေတာများကို စစ်ဆေးရန်အတွက် ဩဂုတ်လ ၃၁ ရက်နေ့က စလင်းမြို့နယ် ဈေးမရပ်ကွက်ရှိ၊ ရွှေမန်းဟိုတယ်သို့ တစ်ညအိပ် တည်းခိုနေထိုင် ခဲ့ကြောင်း၊ စက်တင်ဘာ တစ်ရက်နေ့တွင် စေတုတ္တရာမြို့နယ်သို့ Drive Test တိုင်းတာစစ် ဆေးရန် သွားရောက်ခဲ့ပြီး မိုးမြင့်အာကာထမင်းဆိုင်တွင် ဝင်ရောက်စားသောက်ခဲ့ကြသည်။ ထို့နောက် လုပ်ငန်းများပြီးစီး၍ စက်တင်ဘာ တစ်ရက်နေ့ ညပိုင်းတွင် မင်းဘူးမြို့သို့ ထွက်ခွာခဲ့ရာ မန်းသီတာဟော်တယ်တွင် ညအိပ်ဝင်ရောက်တည်းခိုပြီး အခြားနေရာများသို့ သွားရောက်ခဲ့ခြင်းမရှိဘဲ စက်တင်ဘာ ၂ ရက်နေ့တွင် နေပြည်တော်သို့ ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ Case (1155) နှင့် အနီးကပ်ထိတွေ့ ဆက်စပ်သူများမှာ စလင်းမြို့နယ်မှ (၁၃)ဦး၊ စေတုတ္တရာမြို့နယ်မှ (၂)ဦးတို့ကို သက်ဆိုင်ရာ Facility Quarantine Centre များတွင် ထားရှိပြီး မင်းဘူးမြို့နယ်မှ ဟော်တယ်ဝန်ထမ်း (၈)ဦးနှင့် တည်းခိုဆက်စပ်သူ (၃)ဦးတို့ကို Hotel Facility Quarantine (၁၄) ရက်ဝင်ရောက်စေခဲ့ပြီး အာခေါင်တို့ဖတ်နှင့် နှားခေါင်း တို့ဖတ် (Swab) များကို ဓါတ်ခွဲစစ်ဆေး ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်မှ ပြောသည်။ မန်းသီတာဟော်တယ်တွင် လူနာနှင့်တစ်ရက်ထဲ တည်းခိုနေထိုင်သွားခဲ့သော ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်မှ (၂)ဦးကိုလည်း ခရိုင်ကျန်းမာရေးဦးစီးဌာန အချင်းချင်း ဆက်သွယ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ Case (1155) နှင့်ထိတွေ့ဆက်စပ် ခဲ့သည့် စလင်းမြို့ရှိ ရွှေမန်းဟော်တယ်၊ စေတုတ္တရာမြို့ရှိ မိုးမြင့်အာကာထမင်းဆိုင်နှင့် မင်းဘူးမြို့ရှိှ မန်းသီတာဟော်တယ်တို့ကို Lock Down ချထားဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။ မောင်မောင်(မင်းဘူး) 

aaa

0 comments:

Post a Comment