Friday, June 19, 2020

မကွေးမြို့ လူနေရပ်ကွက်အတွင်း ပဲကြော်ဖို နှမ်းလှော်ဖိုလုပ်ငန်းများ ကြောင့် မီးဘေးအန္တရာယ် နှင့် ကျန်းမာရေးထိခိုက် စေသည့် ညှော်နံ့များ ကြောင့် လူဦးရေ(၁၀၀) ခန့်ကလက်မှတ်ထိုး တိုင်ကြား

မကွေး ဇွန်လ ၁၇

မကွေးမြို့ အောင်စေတနာ (C)အုပ်စု လူနေရပ်ကွက်အတွင်း ပဲကြော်ဖို နှမ်းလှော်ဖို လုပ်ငန်းများ ကြောင့် မီးဘေးအန္တရာယ်နှင့် ကျန်းမာရေး ထိခိုက်နိုင်သည့် အနံ့ဆိုးနှင့် အညှော်နံ့များ ကြောင့် လူဦးရေ(၁၀၀) ခန့်က မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များထံတိုင်ကြားထားကြောင်း သိရသည်။
အဆိုပါတိုင်ကြားမှုကို (၂၀၁၉)ခုနှစ်မှာ စတင် တိုင်ကြားခဲ့ကြောင်း ၎င်းတိုင်ကြားမှုကို ဆောင်ရွက် မပေးသေးသဖြင့် (၂၀၂၀)ခုနှစ်မှာ လည်းဆက်လက်တိုင်ကြားခဲ့ကြောင်း ဒေသခံပြည်သူ ဆရာဦးခင်မောင်ကြင် ကပြောသည်။

"လူနေရပ်ကွက်မှာ ပဲကြော်ဖို နှမ်းလှော်ဖိုလုပ်ငန်း တွေက မီးဘေးအန္တရာယ်စိုးရိပ်ရသလို အညှော်
နံ့ နဲ့အနံ့ဆိုးက ကလေးသူငယ်တွေနဲ့ သက်ကြီး ရွယ်အိုတွေရေရှည်မှာကျန်းမာရေး စိုးရိမ်ရတဲ့ အတွက်ရပ်ကွက်နေပြည်သူ(၁၀၀)ခန့်က တိုင်းဝန်ကြီးချုပ်နဲ့တာဝန်ရှိသူတွေထံ လက်မှတ် ထိုးတိုင်ကြားခဲ့တာပါဟု ၎င်းကပြောသည်။

အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်ပြီး တိုင်းဒေသ ကြီးစည်ပင်သာယာရေးအဖွဲ့မှတိုင်းဦးစီးမှူး ဦးဆောင်ပြီး စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး ခဲ့ကြောင်း မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး သန့်ရှင်းရေးဌာနမှဦးအောင်ကိုကို ကပြောသည်။

"အရင်ကအဲ့ဒီရက်ကွက်တွေမှာ လူနေအိမ် နည်းတယ် ပဲကြော်ဖို နှမ်းလှော်ဖိုတွေက အရင်ရောက်နှင့်နေတာ ခုမှလူနေအိမ်တွေများ လာတာပါ ပဲကြော်ဖို နှမ်းလှော်ဖိုလုပ်ငန်းတွေကို စနစ်တကျလုပ်ဆောင်ဖို့ ၊ပဲခွံပုံတွေစနစ်တကျ ထားဖို့ ၊ရေဆိုးတွေနေ့စဥ် အမှိုက်ပုံမှာသွားစွန့်ဖို့၊ မီးခိုးခေါင်းတိုင် (၃၅)ပေအမြင့်ဆောင်ရွက်ဖို့၊ လုပ်ငန်းရှင်တွေကိုအသိပေးထားပါတယ် မလိုက်နာတဲ့လုပ်ငန်းရှင်တွေကိုလည်း အလုပ်ရပ်နားထားတဲ့ပုံစံမျိုးနဲ့အရေးယူခဲ့ပါတယ်ဟု ၎င်းကပြောသည်။

ပဲကြော်ဖို နှမ်းလှော်ဖိုလုပ်ငန်းများမှာ စည်ပင် သာယာရေးဌာနမှညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ခြင်းရှိမရှိ (၁၅)ရက်တစ်ကြိမ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှစစ်ဆေးမှုများဆောင် ရွက်ကြောင်းမကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး သန့်ရှင်းရေးဌာနမှဦး အောင်ကိုကို ကပြောသည်။

မကွေးမြို့ပေါ်တွင် ပဲကြော်ဖို နှမ်းလှော်ဖို မုန့်ဖို လုပ်ငန်းစုစုပေါင်း(၅၂)ခုရှိကြောင်းသိရသည်။

သတင်း ဇာမဏီ

0 comments:

Post a Comment