Tuesday, June 23, 2020

ပွင့်ဖြူမြို့နယ် သနဝကျေးရွာတွင် တစ်ရွာတည်းသားချင်း ရန်အငြိုးအတေးဖြင့် လူသတ်မှုကျူးလွန်




ပွင့်ဖြူ       ဇွန်       ၂၃
            မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျစ်ကိုင်းကျေးရွာအုပ်စု ၊ သနဝကျေးရွာတွင် ဇွန် ၂၂ ရက် ၊ ညနေ ၆ နာရီ အချိန်ခန့်က တစ်ရွာတည်းသားချင်း ရန်အငြိုးအတေးဖြင့် လူသတ်မှုကျူးလွန်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။ 

            ဖြစ်စဉ်မှာ လွန်ခဲ့သော (၁၅)ရက်ခန့်က သနဝကျေးရွာနေ ရန်လင်းအောင်နှင့် လှိုင်ထွန်း တို့သည် ကျေးရွာ တောင်ဘက်ရှိ တောင်မုန်းမြောင်းမကြီးတွင် ငါးမျှားကြရာ နေရာလုရင်းစကားများခဲ့ပြီး လှိုင်ထွန်းမှ အလျှော့ပေးခဲ့ကြောင်း ၊ လွန်ခဲ့သော တစ်ပတ်ခန့်ကလည်း လှိုင်ထွန်း က လယ်အား ရေယူရန် လယ်ကြားမြောင်းအား ပိတ်နေစဉ် ရန်လင်းအောင်မှ ၎င်း၏လယ်အောက်ဘက်တွင်ရှိသော မိမိလယ်အား ရေသွန်းရန်ပြောဆိုပြီး လှိုင်ထွန်း အား တွန်းလှဲခဲ့ရာ ခါးနာသွားခဲ့ ကြောင်း ၊ ထိုသို့ ရန်လင်းအောင်မှ မိမိအား နာကျင်အောင်ပြုလုပ်ခဲ့သည့်အတွက် ရန်အငြိုးအတေးထားကာ ယမန်နေ့ညနေက အလုပ်သိမ်း၍ ရွာအပြန်တွင် ရွာအနောက်ဖျားရှိ ကိုသူ(ခ) မျိုးမင်းသူ၏ နေအိမ်ဝိုင်းအနီးတွင် ရန်လင်းအောင် အား တွေ့စဉ် အသင့်ပါလာသော အရိုးအသွားအရှည်(၃)ပေခန့် ၊ ဗျပ်(၃)လက်မခန့်ရှိ ကိုင်းခုတ်ဓါးဖြင့် ခုတ်ခဲ့သဖြင့် ရန်လင်းအောင် တွင် ဘယ်ဘက်လည်ပင်း အရှည်(၅)လက်မခန့် ၊ အနက် (၂)လက်မခွဲခန့် ပြတ်ရှဒဏ်ရာ(၁)ချက် ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

            အဆိုပါ သေဆုံးမှုနှင့် ပက်သက်၍ ပြစ်မှုကျူးလွန်သူ ပွင့်ဖြူမြို့နယ် သနဝကျေးရွာနေ လှိုင်ထွန်း အား ပွင့်ဖြူမြို့မ ရဲစခန်းမှ (ပ)၃၈၉ /၂၀၂၀ ၊ အမှုကြီးအမှတ်စဉ် ၊ ၅/၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိ ကြောင်း သိရသည်။ 
  ရဲဝင်းနိုင် ( ညောင်ဦး )

0 comments:

Post a Comment