မင်းဘူး ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် လူနာတင်ယာဥ် တစ်စီး ရှေ့ကားကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ
လမ်းဘေးသစ်ပင် ဝင်တိုက်ကာ ရေမြောင်းအတွင်းထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း မင်းဘူး မြို့မရဲစခန်းမှ
သိရသည်။
ဖြစ်စဥ်မှာ ဇွန် ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က
ငဖဲမြို့နယ် ပြည်သူ့ဆေးရုံမှ ယာဥ်မောင်း ကျော်နိုင်ထွန်း မောင်းနှင်းပြီး လူနာတစ်ဦး
တင်ဆောင်၍ မင်းဘူး-ပဒါန်း ကားလမ်းအတိုင်း ထွက်ခွာလာရာ ကန်ရေ အမှတ်(၃)ကျေးရွာအနီးတွင် ရှေ့မှမောင်းနှင်နေသော ကားတစ်စီးအား
ကျော်တက်စဥ် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ ထနောင်းပင်အား ပွတ်တိုက်မိပြီး
အရှိန်လွန်၍ လမ်းဘေးရေလွှဲမြောင်းအတွင်းသို့ ထိုးကျကာ ယာဥ်၏ရှေ့ခေါင်းပိုင်းပျက်စီးခဲ့ပြီး
လူ ၅ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် ယာဥ်မောင်း အမျိုးသားတစ်ဦးနှင့်
အမျိုးသမီးတစ်ဦး (စိုးရိမ်ရ) ဒဏ်ရာနှင့် ကျန်အမျိုးသားတစ်ဦးနှင့်
အမျိုးသမီးနှစ်ဦးတို့မှာ (မစိုးရိမ်ရ) ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ
ဆေးကုသမှု ခံယူလျက်ရှိကြောင်း မင်းဘူးမြို့မရဲစခန်း ဒုရဲအုပ်ကျော်ငြိမ်းထံမှ သိရှိရသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ယာဥ်မောင်း ကျော်နိုင်ထွန်းအား မင်းဘူးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ
ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
မောင်မောင် (မင်းဘူး)
0 comments:
Post a Comment