မင်းဘူး ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပြည်ဆေးရုံမှ
မေ့ဆေးအထူးကု ဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်အား ဂုဏ်ပြုသောအားဖြင့် မင်းဘူးမြို့၊
ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ငွေကျပ်သိန်း(၂၀) တန်ဖိုးရှိ Covid-19ရောဂါ အသက်ရှူလမ်း ကြောင်းဆိုင်ရာ
ရောဂါရှာဖွေရေးစက်ပစ္စည်း Video Assisted Laryngoscope Unit (For COVID-19)
လာရောက်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီး
အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
“အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှာဖွေရေးစက်ပစ္စည်း အသုံးဝင်ပုံကတော့ ပုံမှန်အတိုင်း
ကြည့်မယ်ဆိုရင် မေ့ဆေးကုသရေး ဆရာဝန်ကြီးများ ကုသစစ်ဆေးတဲ့အခါမှာ မျက်နှာနဲ့ ကပ်ပြီးစစ်ဆေးရပါတယ်၊
အဲဒီအတွက် လူနာထံမှ ရောဂါကူးစက်နိုင်ခြေ တော် တော်များပါတယ်၊ အခုလာရောက်လှူဒါန်းတဲ့
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ရှာဖွေရေးစက်ပစ္စည်းကတော့ Screen မှ ကြည့်ရှုစစ်ဆေးရတဲ့အတွက် ရောဂါကူးစက်နိုင်ခြေ နည်းပါတယ်၊ ယခုစက်ပစ္စည်းက
ရောဂါရှာဖွေတဲ့နေရာမှာလည်း အသုံးဝင်သလို၊ Covid-19 ကမ္ဘာ့ကူးစက်မြန်ရောဂါ
ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကာလကျော်လွန်ပြီးနောက်တွင် လည်း အသက်ရှုလမ်းကြောင်းဆိုင်ရာ လူနာများကို ဆက်လက်အသုံးပြုသွားမှာ
ဖြစ်တဲ့ အတွက် များစွာအထောက်အကူပြုပါတယ်၊ မင်းဘူးမြို့တွင်လည်း ပြည်ပမှပြန်လည် ဝင်ရောက်လာသူများအတွက်
ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီးတော့ နိုင်ငံ တော်အစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ
ထုတ်ပြန်ထားသော လမ်းညွှန်ချက် များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါတယ် ” ဟု မင်းဘူးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောပါသည်။
“ယခုလို လာရောက်လှူဒါန်းဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ပြည်မြို့မှာဖြစ်သွားတဲ့
ဒေါက်တာမြင့်မြင့်စိန် (မေ့ဆေးအထူးကု ဆရာဝန်ကြီး)တင်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာ Facebook Page မှာ ဒီပစ္စည်းလေးအကြောင်း
တင်ထားတာတွေ့လိုက်ရပါတယ်၊ အဲဒီ Page မှာ အခုလှူဒါန်းလိုက်တဲ့ စက်ပစ္စည်းမျိုးမရှိဘဲနဲ့
လူနာကို ကရုဏာသက်ပြီးတော့ မိမိ ကိုယ်ကြိုးမငဲ့ကွက်ဘဲနဲ့ သူ့ရဲ့ကာကွယ်ရေးမှန် လှပ်ကြည့်ပြီး စစ်ဆေးလိုက်တဲ့အခါမှာ ကူးစက်ခံခဲ့ရတာပါ၊ အဲဒီအတွက် ဒီကိရိယာလေးသာရှိခဲ့မယ်ဆိုရင်
သူ့ဒီလိုမျိုးကူးစက် ခံရမှာမဟုတ်ပါဘူး၊ ကုသရေးဆေးရုံတွေမှာ ဒီလိုပစ္စည်းတွေလိုအပ်တယ်လို့
ဆရာမကြီးက သူ့ရဲ့လူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာ တင်ထားတာတွေ့လိုက်ရပါတယ်။
ကျွန်တော်ကိုယ်၌ကလည်း ပန်းနာ၊ ရင်ကျပ် ရောဂါခံစားဘူးတဲ့အတွက် ဒီရောဂါ ဖြစ်ပြီဆိုရင်
အသက်ရှုရတာ တအားခက်ခဲတဲ့ဒုက္ခကို ကျွန်တော်ကောင်းကောင်း သိထားပါတယ်၊ အဲလိုနဲ့ မင်းဘူးဆေးရုံကြီးမှာ
ဒီပစ္စည်းလေး မရှိဘူးဆိုတာသိလိုက်ရတော့ ဒါလေးကို ကျွန်တော်တို့ မိသားစုက လှူခြင်းတယ်ဆိုပြီး
ကိုယ်ချင်းစာစိတ်နဲ့ အကျိုးရှိမယ်လို့ ကိုယ်ကိုတိုင်ခံစားမိပြီး
လှူဒါန်းဖြစ်သွားတာပါ၊ နောက်ပြီးတော့ ဆရာမကြီး ဒေါက်တာ မြင့်မြင့်စိန် (မေ့ဆေးအထူးကု ဆရာဝန်ကြီး)ကို ဂုဏ်ပြုတဲ့အနေနဲ့လည်း လှူဒါန်းခြင်းဖြစ်ပါတယ်”
လို့ အလှူရှင် ဦးခင်မောင်ချိုက ပြောသည်။
ဆက်လက်၍ မင်းဘူးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးမှ မေ့ဆေးအထူးကုဆရာဝန်ကြီး ဒေါက်တာမေလဲ့ထွန်းက
ယခု ရောဂါရှာဖွေရေး ပစ္စည်းကိရိယာနဲ့ လူနာလည်ချောင်း ထဲကိုထည့်ပြီး ရောဂါ ရှိ/မရှိ Screenမှ ကြည့်ရမှာ ဖြစ်တဲ့အတွက် များစွာအသုံးဝင်ပါကြောင်း၊
လှူဒါန်းရရှိသောစက်ပစ္စည်းနှင့်ပတ်သက်၍ အသုံးပြုပုံ အသေးစိတ်ကို ရှင်းလင်းပြောကြားခဲ့
ပြီး၊ ခရိုင်ဆေးရုံအုပ်ကြီးမှ အလှူရှင်ဖြစ်ကြသော မင်းဘူးမြို့၊ အောင်လံဆီစက်(၂)၊ လူသုံး ကုန်ပစ္စည်းမျိုးစုံရောင်းဝယ်ရေးမှ ဦးခင်မောင်ချို+ဒေါ်ခင်မာချိုု မိသားစုထံ ဂုဏ်ပြုမှတ်တမ်း လွှာ ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကား
ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ လှူဒါန်းပေးအပ်ရာတွင်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဉီးတင်အောင်ထွန်း၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဉီးကျော်စွမ်းရည်၊ ခရိုင်အုပ်ချုပ်ရေးမှူး
ဦးဆန်းဌေး၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်နှင့် အထူးကုဆရာဝန်ကြီးများ၊
ဒုခရိုင်အုပ်ချုပ် ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အလှူရှင်မိသားစုနှင့် ဌာနဆိုင်များမှ
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)၊ မောင်မောင်(မင်းဘူး)
0 comments:
Post a Comment