Friday, April 10, 2020

မင်းဘူး(စကု)မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ပစ္စည်း(၅)မျိုး ပေးအပ်




မင်းဘူး          ဧပြီ               ၁၀
          မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် စားသောက်ကုန်(၅)မျိုးအား ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ဓမ္မာရုံများ၌  ဖြန့်ဝေပေးခဲ့သည်။

          မင်းဘူး(စကု)မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ပေါင်း ၁၈၆၂၃ စုရှိပြီး၊ ကျား ၃၁၆၅၅ ဦးနှင့် မ ၃၆၁၈၉ ဦး၊ စုစုပေါင်း ၆၇၈၄၄ ဦးတို့အား         ဆန် ၆၂၀၇ အိတ် ၁၆ ပြည်၊ ဆီ ၉၃၁၁ ပိဿာ ၅၀ ကျပ်သား၊ ပဲ ၁၈၆၂၃ ပိဿာ၊ ဆား ၉၃၁၁ ပိဿာ ၅၀ ကျပ်သားနှင့် ကြက်သွန်နီ ၁၈၆၂၃  ပိဿာတို့ကို ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများမှတဆင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

          နိုင်ငံတော်မှ သတ်မှတ်ချက်ချထားတာကတော့ အခြေခံလူတန်းစားများ  ပုံမှန်ဝင်ငွေ မရှိတဲ့ သူများအတွက်ထောက်ပံ့ပေးတာဖြစ်ပါတယ်၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူများက တော့ တစ်နေကုန်လုပ်မှ ကျွန်တော်တို့ရဲ့တောဓလေ့အရ တစ်ရက်ကို နှစ်ထောင်ကျပ်နဲ့ နှစ်ထောင်ငါးရာကျပ်လောက်ပဲရတာပါ၊ ကျွန်တော်တို့ ခုချိန်က တောင်ယာလုပ်ငန်းနဲ့ ပတ်သက်လို့ အလုပ်ကိုင်တွေကလည်းပါးလာတော့ ပုံမှန်ဝင်ငွေမရှိချိန်ခုလိုရတော့ တစ်ဖက် တစ်လမ်းကအဆင်ပြေတာပေါ့၊ ကျွန်တော်တို့ လက်ခုပ်ပင်အုပ်စုမှာတော့  လက်ခုပ်ပင် ကျေးရွာ၊ စကာကျေးရွာ၊ သမထီးကျေးရွာတွေရှိပြီး အိမ်ထောင်စုအနေနဲ့ ၈၀၀ ရှိပါတယ်၊ အဲဒီသုံးရွာကိုယ်စား ကားငါးစီးနဲ့ လာရောက်ထုတ်ယူခြင်းဖြစ်ပါတယ်၊ နိုင်ငံတော်မှအခုလို ပံ့ပိုးပေးတဲ့အတွက် နိုင်ငံတော်မှ အကြီးအကဲပုဂ္ဂိုလ်များနဲ့ စီစဉ်ဆောင်ရွက်ပေးခဲ့ကြတဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ပူးပေါင်းပါဝင်ဆောင်ရွက်တဲ့အဖွဲ့အစည်းတွေအားလုံးကို မင်းဘူး(စကု)မြို့နယ် တစ်မြို့လုံးကိုယ်စား အထူးပဲကျေးဇူးတင်ရှိပါတယ်၊  အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်ဟု လက်ခုပ်ပင်ကျေးရွာနေ တောင်သူ ဦးစိန်မြင့်နိုင် ကပြောသည်။
          အဆိုပါ အခြေခံစားသောက်ကုန်များ ဖြန့်ဝေဆောင်ရွက်ပေးသော နေရာများသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဉီးကျော်စွမ်းရည် နှင့် ဉီးကျော်ငွေ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဉီးစန်းဌေး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဉီးသိန်းဇော်ကံနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့် ကုန်သည်များက သက်ဆိုင်ရာ နေရာအသီးသီး၌ ဖြန့်ဝေဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
                                                                                           ကျော်စိုးဝင်း (မင်းဘူး)

0 comments:

Post a Comment