Monday, March 9, 2020

သို့ / အယ်ဒီတာထံပေးစာ,,,,,/ အယ်ဒီတာရှင့် ကျွန်မကတော့ မန်းရွှေစက်တော်ဘုရားကြီးမှာ ထမင်းဟင်း လှည့်ရောင်းနေတဲ့ဈေးသည်တစ်ဦးပါ။


သို့
အယ်ဒီတာရှင့် ကျွန်မကတော့ မန်းရွှေစက်တော်ဘုရားကြီးမှာ ထမင်းဟင်း လှည့်ရောင်းနေတဲ့ဈေးသည်တစ်ဦးပါ။ ကျွန်မက ဈေးရောင်းနေရတာဆိုပေမယ့် ခေတ်ကြီးနဲ့ မျက်ခြေပြတ်နေသူတစ်ယောက်မဟုတ်ပါ။ဖေ့ဘုတ်ကိုလည်း အမြဲတမ်းသုံးဖြစ်ပါတယ်။ ခုချိန်မှာဆိုရင်ဖြင့် ဘုရားဖူးတွေနဲ့စည်ကားနေလို့ ကျွန်မတို့ဈေးသည်တွေအတွက်လည်း အဆင်ပြေနေပါတယ်။ ပြောချင်တာက ခုလောလောဆယ် တက်နေတဲ့ သတင်းတွေအကြောင်းပဲဖြစ်ပါတယ်။ Covid-19 အကြောင်းပြပြီး ဘုရားပွဲတော်ကို ပိတ်ပြစ်ဖို့ တိုက်တွန်းချက်လိုလို စေတနာလိုလို ရေးတဲ့စာတွေဖတ်နေရတော့ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲရှင်။ ကျွန်မတို့ရဲ့ ထမင်းအိုးကို ရိုက်ခွဲနေသလားလို့တောင် ခံစားမိတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို အများနည်းတူစိုးရိမ်တဲ့ ထဲမှာ ကျွန်မလည်း ပါပါတယ်။ဒါကြောင့်မို့ တကယ်သိ တကယ်တတ် တကယ်ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ ထုတ်ပြန်ချက်တွေကို ကျွန်မတို့လည်း မျက်ခြေမပြတ် အမြဲတမ်းလေ့လာနေပါတယ်။ သူတို့ ညွှန်ကြားထားတဲ့ ရှောင်ရန် ဆောင်ရန်တွေကိုလည်း ကျွန်မတို့လိုက်နာနေပါတယ်။ သက်ဆိုင်ရာ လူကြီးတွေကလည်း မျက်ခြေမပြတ်စောင့်ကြည့်နေတယ်လို့ ကျွန်မယုံကြည်တယ်။ ရာနှုန်းပြည့်စိတ်ချရတယ်လို့ မပြောလိုပေမယ့် အထိတ်တလန့်စိုးရိမ်ရမယ့် အရာဟုတ်မယ်မထင်ပါ။ ကျွန်မတို့ မြန်မာနိုင်ငံအလယ်ပိုင်းဆိုတာ အပူပိုင်းဒေသဖြစ်တဲ့အတွက် အလွယ်တကူ ကူးစက်မှု့ မရှိနိုင်ဘူးလို့လဲ သိရပါတယ်။ ဒီCovid-19 စခဲ့တာ ဒီဇင်ဘာလောက်ကပါ။အဲ့ဒိ့အချိန်ဟာ မြန်မာပြည်ရာသီဥတုရဲ့ ဆောင်းတွင်းကာလပါ။ ဒီလိုဆောင်းတွင်းကာလမှာတောင် ရောက်မလာတဲ့ ဒီရောဂါက အခုလို အပူချိန် 38 ရှိနေတဲ့ နွေရာသီအတွက် မဖြစ်နိုင်ဘူးဆိုတာ ယုံကြည်လာတဲ့ အသိစိတ်က ခွန်အားဖြစ်စေတာ အမှန်ပါပဲရှင်။ ဒီလိုဘာ့ကြောင့်ပြောရသလဲဆိုတော့ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ဖေ့ဘုတ်မှာရေးပြထားတဲ့ ပို့စ်တစ်ခု- အပူချိန်30 ဒီပိုးကသေတယ်လို့ ရေးပြထားသလို ဒီနိုင်ငံမှာ မဖြစ်နိုင်တဲ့အကြောင်းလည်း ရေးပြထားတယ်။ စောစောက ကျွန်မပြောခဲ့တဲ့မီဒီယာအချို့က ရွှေစက်တော် ဘုရားပွဲကြီးပိတ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေက အပြုသဘောလား အပျက်သဘောလားဆိုတာ ကာယကံရှင်တွေသာ အသိဆုံးဖြစ်မှာမို့ ကျွန်မအနေနဲ့ ဘာမှ မ‌ပြောလို‌ပေမယ့် ဝမ်း‌ရေးအတွက် လှုပ်ရှားရုန်းကန်နေရတဲ့ ကျွန်မတို့ဈေးသည်တွေမှာတော့ တုန်လှုပ်ခြောက်ခြားမိပါကြောင်း အယ်ဒီတာမှတဆင့် အများပြည်သူသိရှိအောင် တင်ပြအပ်ပါသည်။
တကယ်သိ တကယ်တတ် တကယ်ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ ထုတ်ပြန်ချက်ကို အစဉ်နားစွင့်လျှက်...
မကွေးနယ်က ဈေးသည်တစ်ဦး
ခေတ္တ မန်းရွှေစက်တော်

0 comments:

Post a Comment