Wednesday, January 8, 2020

၂၀၁၉- ၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို မကွေးမြို့ အ.ထ.က (၁) ကျောင်း၌ ကျင်းပ


၂၀၁၉- ၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို မကွေးမြို့ အ.ထ.က (၁) ကျောင်း၌ ကျင်းပ
မကွေး ဇန်နဝါရီ ၈
၂၀၁၉- ၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး ပညာရေးရေးမှူးရုံးမှ ဦးဆောင်၍ မကွေးမြို့ အ-ထ-က (၁) ကျောင်းဝန်းအတွင်းနှင့် အဆိုပါကျောင်းရှိ ပန်းဟေဝန်ခန်းမ၌ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်မှ စတင်၍ အစီအစဉ် နှစ်ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊တိုင်း၊ခရိုင်၊မြို့နယ်များမှ ဌာနဆိုင်ရာ အကြီးအကဲများ၊လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ဆရာ၊ဆရာမများ၊မိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်၊၊

အခမ်းအနားတွင် ပညာရေးစုံညီပွဲတော် အလံကိုင် ပင်မစစ်ကြောင်းဦးဆောင်၍ ခရိုင်အလိုက်စစ်ကြောင်းများက ကွင်းအတွင်းသို့ စစ်ကြောင်း ပုံသဏ္ဍန်ချီတက်နေရာယူပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို အလေးပြုခဲ့ကြသည်။ ထိုနောက် ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုက အမှာစကားပြောကြားသည်။

ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုက " နိုင်ငံတော် အနေနဲ့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး ဖြစ်လာစေဖို့ ဦးတည်ချက်များ ချမှတ်ပြီး တမျိုးသားလုံးရဲ့ စွမ်းပကား အားမာန်တွေ စုစည်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ပညာရေးနှင့် ပတ်သက်ပြီး လူမှုရေးဦးတည်ချက် လေးရပ်အနက် တစ်မျိုးသားလုံး ကျန်းမာကြံခိုင်ရေးနှင့် ပညာရည်မြှင့်မားရေး ဆိုတဲ့ ဦးတည်ချက်အရ တစ်မျိုးသားလုံးရဲ့ ပညာရေးအဆင့်အတန်း မြင့်မားတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါတယ်။ နိုင်ငံတော်အနေနဲ့ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးအခြေခံများနှင့် လိုက်လျော ညီထွေဖြစ်တဲ့ ပညာရေးစနစ်ဖြစ်ထွန်းရေး ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေးနဲ့ မူလတန်းပညာပြီးမြှောက်အောင် သင်ယူနိုင်ရေး၊ရိုးရာယဉ်ကျေးမှု မျိုးချစ်စိတ်ဓာတ်နှင့် စာရိတ္တမြင့်မားရေးကို အားပေးဆောင်ရွက်ရေး၊ကျေးလက်နှင့် နယ်စပ်ဒေသအပါအဝင် အခြေခံပညာကို တပြေးညီသင်ယူနိုင်ရေး၊ပညာရေး အဟောသိကံဖြစ်မှု လျော့နည်းရေး၊ အသက်မွေး ဝမ်းကြောင်းနဲ့ စက်မှုအတတ်ပညာများ တိုးချဲ့ဆောင်ရွက်ရေး၊ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် မိဘပြည်သူများ ပုဂ္ဂိလိကစေတနာရှင်များ ပါဝင်ဆောင်ရွက်လာရေး၊ဆရာ ဆရာမများရဲ့ သင်ကြားမှု အရည်အသွေးမြှင့်မားရေး၊အခြေခံပညာ အရည်အသွေး မြင့်မားတိုးတက်ရေးအတွက် ကျောင်းပြင်ပ ပညာရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊သင်ရိုးညွှန်းတမ်းများကို ခေတ်စနစ်နဲ့အညီ ပြုပြင်ဆောင်ရွက်ရေး၊ပညာရေး သုတေသန ဖွံ့ဖြိုးမှု လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရေးစတဲ့ လုပ်ငန်းစဉ် (၁၀) ရပ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါတယ် " ဟု အမှာစကားပြေားကြားရာတွင် ထည့်သွင်း ပြောကြားသည်။
အခြေခံပညာ သင်ရိုးသစ်ကိုလည်း KG+12 (သို့မဟုတ်) KG+5,4,3 ဖြင့် စတင်အကောင်အထည် ဖော်ရာမှာ ၂၀၁၆ -၁၇ ပညာသင်နှစ်တွင် KG (သူငယ်တန်း)၊၂၀၁၇- ၁၈ ပညာသင်နှစ်တွင် Grade-1၊၂၀၁၈ - ၁၉ ပညာသင်နှစ်တွင် Gread-2၊၂၀၁၉ -၂၀၂၀ ပညာသင်နှစ်တွင် Grade-3၊Grade -6၊၂၀၂၀ - ၂၀၂၁ လာမည့် ပညာသင်နှစ်တွင် Grade -4၊Grade -7 ၊Grade -10 စသဖြင့် အကောင်အထည် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြားသည်။
ထို့နောက် ပညာရေးစုံညီပွဲတော်အခမ်းအနားကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး ဒေါက်တာအောင်မိုးညို၊လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတာနှင့် တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။ အခမ်းအနားတွင် ကျောင်းသား ကျောင်းသူများက ကရာတေးအဖွဲ့ သရုပ်ပြခြင်း၊Fitness Dance ၊ ကဗျာလွတ် အက၊ စုံညီပွဲတော် ဒို့နွှဲပျော် သီချင်းတို့ဖြင့် သရုပ်ဖော် ကပြခဲ့ကြသည်။
ယင်းနောက် ဒုတိယအပိုင်း အစီအစဉ်အနေဖြင့် ပန်းဟေဝန်ခန်းမတွင် လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပညာရေးစုံညီပွဲတော် အကြောင်းကို ရှင်းလင်းတင်ပြပြီး ထူးချွန်ဆုရ ဆရာ၊ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။ထို့အပြင် အထက်တန်းကျောင်းများ ၊ အလယ်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများကလည်း တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။


သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment