Sunday, October 20, 2019

ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား


ပွင့်ဖြူ အောက်တိုဘာ ၂၀
 မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ ၊ စက်တန်းရပ်ကွက်တွင် အောက်တိုဘာ ၂၀ ရက်၊ ည​နေ ၃ နာရီ ၁၀ မိနစ် အချိန်က မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှုဖြစ်ကာ လူနေအိမ်တစ်လုံးနှင့် နွားစာတဲတစ်လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။
 ဖြစ်စဉ်မှာ ယနေ့ ည​နေ ၃ နာရီ ၁၀ မိနစ် အချိန်က ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ စက်တန်းရပ်ကွက်နေ ဦးမောင်စိုး ၏ နေအိမ်အတွင်း မီးကြွင်းမီးကျန်မှ တစ်ဆင့် နေအိမ်အား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရပြီး အဆိုပါ မီးလောင်ရာသို့ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းနယ်မြေမီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ခိုင်ဇော်လတ် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်တစ်စီး ၊ မီးငြှိမ်းသတ်ယာဉ် တစ်စီးဖြင့် သွားရောက်ပြီး ကုန်းဇောင်းနယ်မြေ ရဲစခန်းမှူး ရဲအုပ် ကြည်လင်းထင် ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၀ ဦး ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ရာ ည​နေ ၃ နာရီ ၂၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် စက်တန်းရပ်ကွက်နေ ဦးမောင်စိုး၏ သုံးပင်ပတ်လည် မြေစိုက် ဝါးထရံကာ ၊ သွပ်မိုး လူနေအိမ်တစ်လုံးနှင့် နွားစာတဲ တစ်လုံး တို့ မီးလောင်ဆုံးရှုံးသွားခဲ့ပြီး အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
 အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မီးအားပေါ့ဆစွာ အသုံးပြုသူ ကုန်းဇောင်းကျေးရွာ စက်တန်းရပ်ကွက်နေ ဦးမောင်စိုး အား ကုန်းဇောင်းနယ်မြေရဲစခန်းမှ ဒုရဲအုပ် စိုးမြတ်ပိုင် က တရားလိုပြုလုပ်၍ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 
ရဲဝင်းနိုင် ( ညောင်ဦး )

0 comments:

Post a Comment