Friday, September 6, 2019

မင်းဘူးမြို့တွင် မြေနှင့်သီးနှံလျှော်ကြေးငွေ အမြန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်



မင်းဘူးမြို့တွင် မြေနှင့်သီးနှံလျှော်ကြေးငွေ အမြန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ          စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်

မင်းဘူး          စက်တင်ဘာ            
          
 မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၇နာရီ အချိန်မှစတင်၍ မြေနှင့်သီးနှံလျော်ကြေးငွေ အမြန်ရရှိရေးအတွက် မယ်ဘေ့ကုန်းကျေးရွာထိပ်မှ စတင်၍  မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးရှေ့ထိ  ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း  သိရသည်။

         
ဖြစ်စဉ်မှာ မယ်ဘေ့ကုန်းကျေးရွာအုပ်စု၊ အောက်ကျောင်းကျေးရွာနေ ဦးစန်းမောင်(ဘ) ဦးမြမောင်၊ အကြီးတန်းဓါတ်အားထိန်း၊ စွမ်းအင်ဝန်ကြီးဌာန၊  မန်းရေနံမြေ(အငြိမ်းစား)မှ ဦးဆောင်၍ အင်အား (၃၅) ဦးခန့်က စွမ်းအင်ဝန်ကြီးဌာနမှ မြေပိုင်ရှင်တောင်သူများအား မြေနှင့် သီးနှံလျော်ကြေး ပေးခြင်းနှင့် ပတ်သက်၍ ကြန့်ကြာနေခြင်းကြောင့် မြေနှင့် သီးနှံလျော်ကြေးငွေ အမြန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ  စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဖြစ်သည်။
          အဆိုပါ အဖွဲ့သည် ခြေလျင်လမ်းလျှောက်၍ “သိမ်းဆည်းမြေ လျှော်ကြေး အမြန်ပေးရေး (ဒို့အရေး)၊ သီးနှံနှင့် မြေလျှော်ကြေး မပြီးပြတ်မခြင်း ငုတ်မစိုက်ရေး (ဒို့အရေး)၊ သိမ်းဆည်းမြေ ဧကအားလုံး ‌လျှော်ကြေးရရှိရေး(ဒို့အရေး)၊ ရေနံမြေ အသုံးပြုသော ပိုက်လိုင်းများ မြေအောက် မြှုပ် ပေးရေး (ဒို့အရေး)၊ ပိုလျှံမြေများ အမြန်စွန့်လွှတ်ပေးရေး (ဒို့အရေး)၊ မန်းရေနံမြေ အသုံးပြုမြေ  အားလုံးလျှော်ကြေးပေးရေး (ဒို့အရေး)၊ မြေစာရင်းဦးစီးဌာနမှ စွန့်လွှတ်မြေပုံစံ(၇) ထုတ်ပေးရေး(ဒို့အရေး)၊ (၁၇.၉.၂၀၁၇) ရက်နေ့မှ (၃၀.၁၀.၂၀၁၇) ရက်နေ့အထိ စစ်ဆေးတိုင်းတာ ထားသော ရေနံတွင်းများအား လျှော်ကြေးအမြန်တွက်ပေးရေး(ဒို့အရေး)၊ မမှန်မကန် လိမ်ညာလုပ်ကိုင်နေသော ဝန်ထမ်းများအား အရေးယူပေးရေး (ဒို့အရေး)” စသည့် ကြွေးကြော်သံများဖြင့် မယ်ဘေ့ကုန်းကျေးရွာထိပ်-လက်ပံတောလမ်း-အောက်ကျောင်း-ကြာကန် လမ်း -မန်းရေနံမြေဂိတ်လေးမှ မင်းဘူး-စကုကားလမ်းအတိုင်း ချီတက်လာပြီး မန်းရေနံမြေ စုပေါင်းရုံး အဝင်ဂိတ်ရှေ့တွင်လည်းကောင်း၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ရုံးရှေ့ တွင်လည်းကောင်း အထက်ပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကြွေးကြော်သံ (၉) ချက်အား ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment