Tuesday, August 20, 2019

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို စေတီဦးမှ ပင့်ဆောင်ကာ မြန်မာ့စီးပွားရေးဘဏ်တွင် Unkown Box အဖြစ်အပ်နှံ



မကွေး     သြဂုတ်     ၂၀
          မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ ကြေးပြားပေါ်တွင် ဆဌမအကြိမ် လုံးတော်ပြည့် မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူခြင်းလုပ်ငန်းကို မြသလွန်စေတီတော် သြ၀ါဒါစရိယ ဆရာတော်ကြီး များ၏ သြ၀ါဒနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုများကိုခံယူကာ လုပ်ငန်းများဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
          စေတီတော်ကြီး၏ ငြမ်းဆင်ခြင်းလုပ်ငန်းကို ငြမ်းပညာရှင် ဦးမင်းထက်မြတ် အပါအ၀င် ငြမ်းလုပ်သား(၁၃)ဦးဖြင့် သြဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ သြဂုတ်လ ၁၉ ရက်နေ့တွင် စေတီဦးသို့ ရောက်ရှိခဲ့သည်။သြဂုတ်လ ၂၀ ရက် ယနေ့နံနက်တွင် စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို စေတီဦးမှပင့်ဆောင်၍ မြသလွန်စေတီတော်ရင်ပြင် မဟာဝိဇယ ရံသီတန်ဆောင်းတော်တွင် စနစ်တကျ စစ်ဆေးခြင်း၊မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ပြီး မသမာသူများ မှ မနှောက်ယှက်နိုင်စေရန်နှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွား မပေါ်ပေါက်စေရန်အတွက် မြသလွန်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် ထည့်ထားသည့် သံသေတ္တာကြီိးကို အစဉ်အလာအတိုင်း မြန်မာ့စီးပွားရေးဘဏ်တွင် Unkown Box အဖြစ် စေတီတော်မြတ်ကြီး လုံးတော်ပြည့် မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပြီးသည်အထိ အပ်နှံထားရှိမည်ဖြစ်ကြောင်း သိရသည်။
          မြသလွန်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား စေတီတော်မြတ်ကြီး လုံးတော်ပြည့် မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပြီးချိန်တွင် မြန်မာ့စီးပွားရေးဘဏ်မှ ပြန်လည်ပင့် ဆောင်ကာ မြသလွန်စေတီဦးသို့ တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment