Thursday, August 8, 2019
မကွေးတိုင်းဒေသကြီး ဓမ္မစကူးလ်ကော်မတီ၏(၄)လပတ်စုံညီ အစည်းအဝေးကျင်းပ
စလင်း၊ သြဂုတ် ၇
          မကွေးတိုင်းဒေသကြီးဓမ္မစကူးလ်ကော်မတီ၏ ၄ လပတ် စုံညီတွေ့ဆုံညှိနှိုင်းအစည်းအဝေး အခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက ပခုက္ကူမြို့အမှတ်(၁၅)ရပ်ကွက် မြို့မသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ တိုင်း/ခရိုင်ဓမ္မစကူးလ်ကော်မတီ၏ သြဝါဒါစရိယဆရာတော် သံဃတော်အရှင်သူမြတ်များ၊ ဓမ္မစကူးလ် ကျောင်းဆရာ/ဆရာမများ၊ ခရိုင်သာသနာရေးဦးစီးဌာန၊ ခြေမြန်တပ်မ(၁၀၁)မှတပ်မမှူး ဗိုလ်မှူးကြီး စိုးကျော်ထက်၊ ရဠပါလလူမှုရေးအသင်းနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဦးစွာအခမ်းအနားကိုတက်ရောက်လာသူများက “နမော တဿ”သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တိုင်းဒေသကြီးဓမ္မစကူးလ်ကော်မတီ သြဝါဒစရိယဖြစ်တော်မှုသော ရေစကြိုမြို့ ရှင်မတောင် ဆရာတော်ဘဒ္ဒန္တကဝိန္ဒောဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သြဝါဒကထာနာယူကြည်ညိုခဲ့ ပါသည်။ဆက်လက်၍ ပခုက္ကူမြို့သံဃနာယကအဖွဲ့ဥက္ကဌဆရာတော် ဘဒ္ဒန္တအရိယဝံသထံမှလည်းကောင်း ဗောဓိမဏ္ဍိုင်စာသင်တိုက် ဆရာတော်ဘဒ္ဒန္တဝီရိယထံမှလည်းကောင်း ဆိပ်ဖြူမြို့ရွှေပြည်အေးကျောင်း ဆရာတော် ဘဒ္ဒန္တသာဂရနှင့် ကမ္မမြို့ ကံစုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောဝီဒ အရှင်သူမြတ်များထံမှ သြဝါဒါစကားအသီးသီးနာယူကြည်ညိုခဲ့ပါသည်။
          ထိုနောက် ဗိုလ်မှူးကြီးစိုးကျော်ထက်နှင့် ပခုက္ကူခရိုင် သာသနာရေးမှူးဦးကြင်ရွှေတို့မှ ဝမ်းမြောက် ကြောင်းစကားလျှောက်ထားခဲ့ကာ တိုင်းဒေသကြီးဓမ္မစကူးလ်ကော်မတီဥက္ကဌ ဆရာတော်ကြီးမှ နိဂုံးချုပ် သြဝါဒမိန့်ကြား၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
စိုးမိုးသူ(စလင်း)
0 comments:
Post a Comment