Sunday, August 18, 2019

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ ရေပိုလွှဲမှ ရေအမြင့်(၁.၅၀)ပေ ရေကျော်ကျစီးဆင်းလျက်ရှိ



ငဖဲ     သြဂုတ်     ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ ရေပိုလွှဲမှ ရေအမြင့် (၁.၅၀)ပေ ရေကျော်ကျစီးဆင်းလျက်ရှိရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးသည် မကွေးတိုင်းညွှန်ကြားရေးမှူး ဦးသောင်းထိုက်၊ တည်ဆောက်ရေး (၃)ညွှန်ကြားရေးမှူး ဦးညွန့်ဌေး၊ မင်းဘူးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းတို့နှင့်အတူ မန်းချောင်းရေလှောင်တမံသို့ ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး ၀န်ကြီးနှင့်အဖွဲ့သည် ဆည်တမံအတွင်း လှည့်လည်ကြည့်ရှုပြီး၊ မန်းချောင်း ရေလှောင်တမံ ရှင်းလင်းဆောင်တွင် ဆည်ရေ၀င်ရောက်မှုအခြေအနေ၊ ပင်မရေပိုလွှဲအထက်မှ(၁.၃၀)ပေ ရေကျော်နေမှု၊ မင်းဘူးမြို့နယ်(အိုင်းမရေလွှဲဆည်)နှင့် ငဖဲမြို့နယ်အတွက် မိုးသီးနှံစိုက်ပျိုးရေပေးဝေနေမှု၊ အရေးပေါ်အခြေအနေ၊ ကြိုတင်စီမံခန့်ခွဲမှု စီမံချက်အဆင့်(၁)အရ အလံစိမ်းလွှင့်ထူ၍ ကြိုတင်စီမံဆောင် ရွက်ထားရှိမှုနှင့် မျက်မြင်စစ်ဆေးမှုအရ တမံနှင့်ဆက်စပ်ရေအား အဆောက်အဦးများ၏ ကြံ့ခိုင်မှုအခြေ အနေတို့ကို  လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ရှင်လင်းတင်ပြသည်။

ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံဟာ ယနေ့နံနက် ၆ နာရီတိုင်းထွာချက်အရ ရေအမှတ် (၆၂၆.၅၀)ပေ တွင်ရှိနေပြီး၊(၃)ရက်အတွင်း မိုးရေချိန်(၀.၁၅)လက်မရရှိကာ  ရေအမြင့်(၀.၁၀)ပေခန့်လျော့ ကျလျက်ရှိပါတယ်၊ ဆည်ရေပြည့်အမှတ်(၆၂၅.၀၀)ပေဖြစ်ပြီး ယခုရောက်ရှိနေသော ရေကျော်အမှတ်မှာ (၆၂၆.၅၀)ပေဖြစ်ကာ ရေပိုလွှဲမှ ရေအမြင့်(၁.၅၀)ပေ ကျော်ဆင်းနေပါတယ်၊ ယခုအခါ မိုးတိမ်များ အနည်းငယ်ရှိနေသော်လည်း မိုးအနည်းငယ်သာ ရွာသွန်းခဲ့တဲ့အတွက် ပဇီချောင်းရေနဲ့ ဆတ်သေချောင်း ရေများ စီးထွက်မှုမရှိသေးပါဘူး၊၂၄ နာရီ ရေကင်းတာဝန်ချထားပြီး  အထက်အဆင့်ဆင့်သို့  နာရီစဉ် သတင်းပေးပို့ကာ အနီးကပ်တာဝန်ယူ ကြီးကြပ်လျက်ရှိပါတယ်၊ မျက်မြင်စစ်ဆေးမှုအရ တမံနှင့် ဆက်စပ်အဆောက်အဦများ ကြံ့ခိုင်ကောင်းမွန်ပြီး ထူးခြားမှုရှိပါက အချိန်နဲ့တပြေးညီ သတင်းပေးပို့၍ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက်အရ ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟု မန်းချောင်း ရေလှောင်တမံ ထိန်းသိမ်းရေးတာဝန်ခံ ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြသည်။
တာဝန်ရှိသူများ၏ တင်ပြမှု၊စစ်ဆေးခဲ့မှုများအပေါ် ၀န်ကြီးက တိုင်း၊ခရိုင်အဆင့်တာဝန်ရှိသူများ နှင့်မန်းချောင်း ရေလှောင်တမံ ထိန်းသိမ်းရေးတာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


0 comments:

Post a Comment