Saturday, August 17, 2019

မကွေးမြို့၌ မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



 
မကွေး     ဩဂုတ်      ၁၅
မြန်မာလုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ သိရှိနိုင်စေပြီး အလုပ် အကိုင်အလိုက် လုပ်ငန်းခွင်မှာရှိတဲ့ လုပ်သားတွေ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေကာ၊လုပ်သားများ ၎င်းတို့ လူမှုဘဝဖွံ့ဖြိုး တိုးတက်ဖို့ လုပ်ငန်းကျွမ်းကျင်မှုရဲ့ အရေးပါပုံအား သိရှိစေပြီး၊ အာဆီယံစီးပွားရေး အသိုက် အဝန်း ထူထောင်ရာတွင် ရရှိနိုင်မည့် အခွင့်အလမ်း၊အစိုးရ၊အလုပ်ရှင်၊အလုပ်သမား(သုံးပွင့်ဆိုင်) ပူးပေါင်း ဆောင်ရွက်မှုဖြင့် ကြိုတင်ပြင်ဆင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို  သိရှိနိုင်စေရန် ရည်ရွယ် ကျင်းပခဲ့သည့်  အသိပညာပေးမြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ ၁၅ ရက် နံနက် ၉ နာရီက မကွေးမြို့ နန်းထိုက်သူဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအစိုးရ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်း ရေးအဖွဲ့(NSSA)၊ အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အစိုးရသက်မွေး သင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကသင်တန်းကျောင်းမှ ကိုယ်စားလှယ်များ စုစုပေါင်း (၈၅) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေက ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လုပ်သားထုရဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက် အကူပြုမှာ ဖြစ်တာကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ အထူးအလေးထား ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊မကွေတိုင်းဒေသကြီးအတွင်း လုပ်ကိုင်နေကြတဲ့ SME လုပ်ငန်းများဟာ မြန်မာနိုင်ငံ မှာ အအောင်မြင်ဆုံးအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ဒီလုပ်ငန်းများ အစဉ်အောင်မြင်တိုးတက်စေဖို့ လုပ်ငန်းကဏ္ဍအသီးသီးမှာ လုပ်ကိုင်နေကြတဲ့ လုပ်သားများရဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိက ကျတဲ့အချက်ပဲဖြစ်ကြောင်း။ဒီကနေ့ခေတ်မှာ အသက်မွေးဝမ်းကျောင်း ပညာရေးစနစ်ဟာ တစ်ခေတ်ဆန်း လာပြီး နိုင်ငံတိုင်းအနေနဲ့ ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်နေကြတာကို တွေ့ရမှာဖြစ်သလို ကျွန်တော်တို့နိုင်ငံမှာလည်း အသက်မွေးဝမ်းကျောင်း ပညာရေးဖွံ့ဖြိုးဖို့ ကြိုးစားနေကြတာ အားလုံး အသိပဲဖြစ်ပါကြောင်း၊ ဒါကြောင့် ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လုပ်သားများရဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ဖို့ ကျွမ်းကျင်မှုတွေကို စစ်ဆေးအကဲဖြတ်ပြီး အသိအမှတ်ပြုပေးနိုင်ဖို့ လိုအပ်တာတွေကို ဝိုင်းဝန်းပြီး အစိုးရ၊ ပုဂ္ဂလိက (PPP) ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ကြောင်းပြောကြားသည်။
NSSA အတွင်းရေးမှူးက ပြောကြားရာတွင်  တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည် ဖော်ဆောင်ရွက်နေသော တိုင်းဒေသကြီးအဆင့် ကျွမ်းကျင်မှုလုပ်ငန်းစဉ်ကို နိုင်ငံအဆင့်(အမျိုးသား အဆင့်) ချိတ်ဆက်နိုင်မည့် လမ်းကြောင်းရှင်းပြနိုင်ရန်အတွက် Communication Platform တစ်ခုကို မကွေးတိုင်းဒေသကြီးမှာရှိတဲ့ သက်မွေးကဏ္ဍဆိုင်ရာ Stakeholder များသိရှိနိုင်ဖို့ဖြစ်ကြောင်း၊ အလုပ် အကိုင်ကျွမ်းကျင်မှု လုပ်ငန်းစဉ်တွေကို တိုင်းဒေသကြီးအဆင့်မှ အမျိုးသားအဆင့် ချိတ်ဆက်နိုင်ဖို့ မြန်မာ နိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) ကို သိရှိဖို့လိုကြောင်း၊ NSSA အဖွဲ့သည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနက Focal Ministryအဖြစ် ဆောင်ရွက်နေပြီး ၂၀၁၃ခုနှစ် အလုပ်အကိုင် နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေး ဥပဒေ၊အခန်း(၄)၊ပုဒ်မ ၁၀ (က)၊ ၁၁ အရ မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေသော အမျိုးသားအဆင့်အဖွဲ့ (National Regulartory Body)ဖြစ် ကြောင်း၊ NSSA အနေနှင့် ဥပဒေပါ ပြဋ္ဌာန်းချက်များအပြင် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” များခွဲခြား သတ်မှတ်ခြင်း၊ ရေးဆွဲခြင်းနှင့် ပြဋ္ဌာန်းခြင်း၊ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခြင်းတို့ကို စီမံချက်ချမှတ်ဆောင်ရွက်နေကြောင်း၊ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အရည် အချင်းမူဘောင်အရ (National Occupational Skills Qualification Framework) ကျွမ်းကျင်မှု အဆင့်-၁ မှ အဆင့်-၄ အတွင်း အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြုလုပ်ငန်းစဉ်ကို အရည်အသွေး အာမခံချက်ရှိရေး ဆောင်ရွက်နေသော အမျိုးသား အဆင့်အဖွဲ့ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ယခုကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါတွင် NSSA အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ UMFCCI၊ MES၊ MCEA တို့ကဲ့သို့ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူများပါဝင်သော Public Private Partnership (PPP) ပုံစံဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်း၊ NSSA အနေဖြင့် မြန်မာလုပ်သားများအတွက် အလုပ်အကိုင်ဆိုင်ရာ အမျိုးသား အဆင့် အသိအမှတ်ပြုလက်မှတ်များ စနစ်တကျရှိစေရေး၊ နိုင်ငံတကာရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်လာချိန် အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ် ပြုလက်မှတ်များ ကိုင်ဆောင်ထားနိုင်ရေး၊ အာဆီယံ အသိုက်အဝန်းအတွင်း ကျွမ်းကျင်လုပ်သား လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခြင်း (Skilled Labour Mobility) လုပ်ငန်းစဉ်ကို ကြံ့ကြံ့ ခံနိုင်ရေးတို့ကို ဆောင်ရွက်နေကြောင်း၊ NSSA လုပ်ငန်းစတင်ခဲ့သည့် ၂၀၁၄ ခုနှစ်က ကျွမ်းကျင်မှုအလိုက် စစ်ဆေးအကဲဖြတ်ပေးခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအထိ မြန်မာနိုင်ငံ တစ်ဝှမ်း အလုပ်အကိုင် ၂၃ မျိုးမှ ဖြေဆိုသူ ကျား၊ မ (၁၄၂၃၀) ဦးရှိပြီး အမျိုးသားအဆင့် ကျွမ်းကျင်မှု အဆင့် (၁) ကျား (၈၂၇၀)ဦး၊ မ (၃၄၅၉)ဦး စုစုပေါင်း (၁၁၇၂၉) ဦး နဲ့အဆင့် (၂)ကို ကျား (၈၆၃) ဦး၊ မ (၆၉) ဦး စုစုပေါင်း(၉၃၂)ဦး၊ အမျိုးသား အဆင့် (၁)နှင့် (၂)အတွက် ကျား (၉၁၃၃)ဦး၊ မ (၃၅၂၈)ဦး၊ စုစုပေါင်း(၁၂၆၆၁)ဦးကို အရည်အချင်းပြည့်မီကြောင်း စစ်ဆေးအကဲဖြတ်နိုင်ခဲ့ကြောင်း၊ မကွေးတိုင်း ဒေသကြီးအတွင်း၌ မော်တော်ယာဉ်စက်ပြင် အလုပ်အကိုင်၊ ဂဟေဆက်အလုပ်အကိုင် (GMAW/ MMAW) အလုပ်အကိုင်၊ Hydraulic Excavator အလုပ် အကိုင်တို့အတွက် Assessment Center (၄) ခု၊ လျှပ်စစ်၊ အသေးစားစက်ပြင်၊ ဂဟေဆက်၊ မော်တော်ယာဉ်စက်ပြင်၊ လေအေးပေးစက် ထိန်းသိမ်းခြင်း အလုပ်အကိုင်တို့အတွက် Assessor (၁၀)ယောက် မွေးထုတ်ပြီးကြောင်း တွေ့ရှိရသောကြောင့် ယင်း အရေအတွက်သည် တိုင်းဒေသကြီး လုပ်သားကျွမ်းကျင်မှုလုပ်ငန်းစဉ်နဲ့ယှဉ်လျှင် ထပ်တိုးဆောင်ရွက်ရန် လိုတာ ပြသနေကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍  မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့၏ မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသော အခြေအနေများအား အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က ရှင်းလင်းပြောကြားပြီး၊ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို GIZ, Swisscontact, Helvetas တို့မှ ရှင်းလင်းပြောကြားကာ၊မကွေးတိုင်းဒေသကြီးအတွင်း အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အုပ်စုဖွဲ့ ဆွေးနွေးခြင်း၊အုပ်စုတစ်ခုခြင်းစီမှ ဆွေးနွေးချက်ရလဒ်များနှင့်အကြံပြုချက်များအား အုပ်စုလိုက်ပြန်လည်တင်ပြခြင်း၊ဆွေးနွေးမှုရလဒ်များအပေါ် သုံးသပ်ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့သည်။
NSSA ၏ အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးပြီး အလုပ်အကိုင်များအနက် မကွေးတိုင်းဒေသကြီးအတွင်း လုပ်သားဈေးကွက် နှင့်ကိုက်ညီလျက်ရှိသော အလုပ်အကိုင်များ၊ နောင် အနာဂတ်တွင် အလားအလာ ကောင်းမွန်သည့် အလုပ်အကိုင်များကို ဖော်ထုတ်ပြီး အကောင် အထည်ဖော်ဆောင်ရွက်မည့် မကွေးတိုင်းဒေသကြီးဆိုင်ရာ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဖွဲ့စည်း နိုင်ရေး စီမံဆောင်ရွက်နေကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)


0 comments:

Post a Comment