Saturday, July 6, 2019

ပွင့်ဖြူမြို့နယ်တွင် တောင်သူပညာပေး နွေစပါးသီးနှံ စံကွက်ရိတ်သိမ်းပွဲ ကျင်းပ


ပွင့်ဖြူ     ဇူလိုင်   
          မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် တောင်သူပညာပေး နွေစပါးသီးနှံ စံကွက်ရိတ်သိမ်းပွဲကို ဇူလိုင် ၅ ရက် ၊ ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာ တောင်သူ ဒေါ်ဝင်းတင် ၏ ကွင်းအမှတ် (၇၈၄)နှင့် ရွာခိုင်ကျေးရွာမှ တောင်သူ ဦးကြည်ဆောင် ၏ ကွင်းအမှတ်(၇၉၀)တို့ရှိ စပါးစိုက်လယ်မြေတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

          အဆိုပါ တောင်သူပညာပေး နွေစပါးသီးနှံစံကွက်ရိတ်သိမ်းပွဲတွင် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် က စပါးသီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်းတိုးပွားစေရေးအတွက် လိုက်နာရမည့် အခြေခံစိုက်ပျိုးရေးနည်းစနစ် များနှင့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရန်အချက်များ ၊ သီးနှံဖျက်ပိုးကျရောက်မှု ကင်းဝေးစေရေး ကြိုတင်ကာကွယ်ရန် နည်းလမ်းများ ၊ သီးနှံရိတ်သိမ်းချိန် အထွက်နှုန်းကျဆင်းမှုမဖြစ်အောင် အချိန်မီ သီးနှံရိတ်သိမ်းရမည့်နည်းစနစ်များကို ပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောပြီး တောင်သူများမှ သိရှိလိုသည်များကို ရှင်းလင်းဖြေကြားပေးခဲ့သည်။
          ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ ၊ ဒေသခံတောင်သူများနှင့် အတူ ဇီးတောကျေးရွာမှ တောင်သူ ဒေါ်ဝင်းတင် ၏ နွေသီးနှံ ရတနာတိုးစပါးစိုက်ဧက ၃ ဧက အား စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက အထွက်နှုန်း စပါးသီးနှံ(အစို) ၈၉ ဒသမ ၈၄ တင်း ထွက်ရှိခဲ့ကြောင်းနှင့် ရွာခိုင်ကျေးရွာမှ တောင်သူ ဦးကြည်ဆောင် ၏ နွေသီးနှံ ရတနာတိုးစပါးစိုက်ဧက ၂ ဒသမ ၂၉ ဧက အား ထပ်မံ၍ စံကွက်ရိတ်သိမ်းရာ တစ်ဧက အထွက်နှုန်း စပါးသီးနှံ(အစို) ၁၀၁ ဒသမ ၅၆ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။ 
          အဆိုပါ တောင်သူပညာပေး နွေစပါးသီးနှံစံကွက်ရိတ်သိမ်းပွဲသို့ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် နှင့် ဝန်ထမ်းများ ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ ၊ ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာနှင့် ရွာခိုင် ကျေးရွာတို့မှ ဒေသခံတောင်သူများ ၊ စုစုပေါင်း ၃၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment