Tuesday, July 9, 2019

စန္ဒကူးနံသာကျောင်းတော်ရာ စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များ မင်းဘူးမြို့သို့ အပူဇော်ခံရောက်ရှိ



မင်းဘူး                ဇူလိုင်          ၁၀
          စန္ဒကူးနံသာကျောင်းတော်ရာ စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် နှင့်ရွှေထီးတော်များ ဇူလိုင်လ (၁၀) ရက်နေ့ နံနက်၈ နာရီက မင်းဘူးမြို့သို့ အပူဇော်ခံ ရောက်ရှိပြီး စန္ဒကူးနံသာကျောင်းတော်ရာသို့ ဆက်လက်ပင့်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

          စန္ဒကူးနံသာကျောင်းတော်ရာ စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် နှင့် ရွှေထီးတော်များအား ဇူလိုင်လ (၈) ရက်နေ့တွင် လေးဆူဓါတ်ပုံ မြတ်ရွှေတိဂုံစေတီတော်မှ ရန်ကုန်- ပြည်လမ်းအတိုင်း ပင့်ဆောင် အပူဇော်ခံပြီး အောင်လံမြို့တွင် ညအိပ်ရပ်နားအပူဇော်ခံသည်။ ဆက်လက်၍ ဇူလိုင်လ (၉) ရက်နေ့ နံနက်တွင် အောင်လံမြို့မှတဆင့် အောင်လံ-ကိုးပင်-သစ်ရာကောက်လမ်းအတိုင်း မကွေးမြို့သို့ ထွက်ခွာပြီး မကွေးမြို့ မြသလွန်စေတီတော်တွင် ညအိပ်ရပ်နား၍ ဇူလိုင်လ (၁၀) ရက်နေ့ နံနက်တွင် မကွေးမြို့မှတဆင့် မကွေး-မင်းဘူး-စကု-လယ်ကိုင်း-ကျောင်းတော်ရာလမ်းအတိုင်း ပင့်ဆောင်ပြီး စန္ဒကူးနံသာ ကျောင်းတော်ရာစေတီတော်တွင် အပူဇော်ခံထားရှိမည်ဖြစ်ရာမင်းဘူးမြို့သို့ ရောက်ရှိစဉ် မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား/သူများ၊ ပြည်သူများမှ ဖူးမြှော်ကြည်ညို ကြိုဆိုခဲ့ကြသည်။

          စန္ဒကူးနံသာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၏ ထီးတော်ဘုံအဆင့်များကို ဇူလိုင်လ (၁၂) ရက်နေ့တွင် ကျောင်းတော်ရာ ဆရာတော်ကြီးအား အမှူးပြု၍ နိုင်ငံတကာမှ ဆရာတော်များဖြင့် တင်လှူပူဇော်မည် ဖြစ်ပြီး (၁၃) ရက်နေ့တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီတော်များ တင်လှူပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment