Wednesday, July 10, 2019

မကွေးမြို့ရှိ တိမ်ကောလာသည့် သက်တမ်းရင့် ကန်သာရေကန်ကြီးအား အဆင့်မြှင့်တင်၍ အများပြည်သူအပန်းဖြေသည့် နေရာအဖြစ်ကြိုးပမ်း


မကွေး ဇူလိုင် ၁၀
ဧက ၂၀ ကျော်ကျယ်ဝန်းသည့် မကွေးမြို့ရှိ ကန်သာရေကန်ကြီးအား မြို့သာယာလှပရေးနှင့် ပြည်သူများအပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ကာ ပြုပြင်တူးဖော်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး ရှေးဦးလုပ်ငန်း စဉ်များဖြစ်သည့် ကန်တူးဖော်ခြင်းနှင့် ကန်ဘောင်မြှင့်တင်ခြင်းလုပ်ငန်းများကို သြဂုတ် လ ၁၅ ရက်အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကန်သာကန် ပြုပြင်တူး ဖော်ခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့် ခွဲရေးဦးစီးဌာနမှ တာဝန်ယူ၍ ဆောင်ရွက်ခြင်းဖြစ်ပြီးမြို့သာယာလှပရေးနှင့် ပြည်သူများအပန်းဖြေနားနေနိုင်ရေးအတွက် ကန်ဘောင်အားဖြည့်ခြင်းလုပ်ငန်း ၊ ရေဝင်မြောင်းများ တိုးချဲ့ခြင်းလုပ်ငန်းနှင့် ရေပိုလွှဲပြုပြင်ဆောင်ရွက်ခြင်း လုပ်ငန်းတို့ ကို ထည့်သွင်းဆောင်ရွက်လျက်ရှိ ကာ ကန်ပတ်လည် ဧရိယာအကျယ်အဝန်းစတုရန်းပေ ၃၈၀၀ ၊ ကန်ရေဝင်အနက် ၇ ပေ ၊ ကန်ဘောင် အမြင့် ၁၀ ပေ ၊ ကန်ဘောင်အကျယ်အနေဖြင့် ကန်၏မြောက်ဘက်မျက်နှာစာအားအကျယ်ပေ ၅၀ နှင့် ကျန်ဘောင်များမှာပေ ၄၀ စီထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းထံမှ သိရှိရသည်။

“ကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တာဝန်ပေးချက်အရ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနဲ့ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် နေပါတယ်။ ကန်ပြုပြင်တူးဖော်ခြင်း လုပ်ငန်းတွေကို အပိုင်းသုံးပိုင်းနဲ့ ဆောင်ရွက်ပါတယ်။ ကျွန်မတို့ ဌာနကတော့ ဇွန် ၁၄ ရက်ကနေ လုပ်ငန်းစတင်ခဲ့ပါတယ်။ ပထမဆုံးမှာ ကန်အတွင်းက မူလရှိနေတဲ့ ရေတွေကိုထုတ်ပြီးတော့ ဇွန် ၁၈ မှာ တူးဖော်တဲ့ လုပ်ငန်းစခဲ့ပါတယ်။ ဒီနေ့အထိ လုပ်ငန်းပြီးစီးမှုက ၄၀ ရာခိုင်နှုန်းလောက်ရှိပါပြီ။ သြဂုတ်လ ၁၅ ရက်မှာ ပြီးစီးဖို့လျာထား ပါတယ်။ ကန်တူးဖော်တဲ့ လုပ်ငန်းတွေပြီးစီးသွားရင် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ထံကို အပ်နှံသွားမှာ ဖြစ်ပြီး၊ စည်ပင်သာယာရေးက ဦးဆောင်ပြီး ကျန်ရှိတဲ့ မြေယာပြုပြင်ထိန်းသိမ်းမှုတွေနဲ့ မြေယာအလှအပ ရှုခင်းနဲ့ လိုအပ်တဲ့ ဖြည့်စွက်မှုတွေ လုပ်ဆောင်သွားမှာပါ”ဟု ဒေါ်ဌေးဌေးဝင်းက ပြောကြားသည်။
ကန်သာကန်သည် ရှေးမြန်မာဘုရင်များလက်ထက်ကပင် စိုက်ပျိုးရေးအတွက် ရေပေးဝေရန် တူးဖော်ခဲ့ကြောင်း ပါးစပ်ရာဇ၀င်အရ သိရှိရသည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ကန်ရဲ့အကျယ် အ၀န်းက အခုထက်ပိုပြီး ကျယ်ဝန်းခဲ့ တယ်။ မကွေးမြို့ကို လူနေရပ်ကွက်များ ချဲ့ထွင်ခဲ့ရတဲ့အတွက် ကြောင့်ရော၊ ချောင်းမြောင်းများနှင့် အတူ မျောပါလာသည့် အမှိုက်များ၊ နုန်းမြေများကြောင့်ရော တိမ်ကောလာခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကနေ တစ်ဆင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်လာရောက်တဲ့အခါတွေမှာ ဒေသခံတွေက ကန်သာကန်ကြီး ပြန်လည်ပြုပြင် အဆင့်မြှင့်တင်ဖို့ အဆိုပြုထားခဲ့ပါတယ်။ ခေတ်အဆက်ဆက်က တိမ်ကောပျက်စီးနေခဲ့တဲ့ ကန်ကြီးကို အခုလို မြို့သာယာလှပရေးနဲ့ အများပြည်သူအပန်းဖြေနားနေနိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်ပေးတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေကို ပြည်သူ တွေကိုယ်စား ကျေးဇူးတင်ပါတယ်”ဟု ကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းက ပြောကြားသည်။
အဆိုပါကန်ကြီးသည် မကွေးမြို့ ကန်သာရပ်ကွက်တွင်တည်ရှိပြီး ကန်နေရာကျယ်ဝန်းသည့် အတွက် ပြန်လည်ပြင်ဆင် အဆင့်မြှင့်တင်ပါက ကန်ဘောင်တွင် အပန်းဖြေအနားယူသူများနှင့် စည်ကားလာနိုင်ပြီး မကွေးမြို့၏ နေရာ အကွက်အကွင်းကောင်း တစ်ခုဖြစ်လာနိုင်ကြောင်း ဒေသခံ များထံက သိရှိရသည်။
သတင်းအဖွဲ့(၂)သင်တန်းသားများ
ဓာတ်ပုံ - သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment