Tuesday, July 9, 2019

စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရွှေထီးတော် ငှက်မြတ်နားတော် ရတနာစိန်ဖူးတော်များ မကွေးမြို့သို့ အပူဇော်ခံရောက်ရှိ

မကွေး ဇူလိုင် ၉
သာသနာဝင် မြန်မာပြည် ဗုဒ္ဓဂါယာ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရွှေထီးတော် ငှက်မြတ်နားတော် ရတနာစိန်ဖူးတော်များအား ပင့်ဆောင်ရေး အစီအစဉ်အရ ဇူလိုင်လ ၉ ရက်နေ့တွင် မကွေးမြသလွန်စေတီတော်၌ ညအိပ်ရပ်နား၍ တစ်ညတာ အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရွှေထီးတော် ငှက်မြတ်နားတော် ရတနာစိန်ဖူးတော်များအား(၈.၇.၂၀၁၉)ရက်နေ့ နံနက်(၆)နာရီတွင် လေးဆူဓါတ်ပုံ မြတ်ရွှေတိဂုံစေတီတော်မှ ရန်ကုန်- ပြည်လမ်းအတိုင်း ပင့်ဆောင်အပူဇော်ခံပြီး အောင်လံမြို့တွင် အပူဇော်ခံ ညအိပ်ရပ်နား၍ (၉.၇.၂၀၁၉)ရက်နေ့နံနက်တွင် အောင်လံမြို့မှတဆင့် အောင်လံ-ကိုးပင်-သစ်ရာကောက်လမ်းအတိုင်း မကွေးမြို့သို့ ဆက်လက်ထွက်ခွာပြီး မကွေးမြို့တွင် ညအိပ်ရပ်နား၍ အပူဇော်ခံလျက်ရှိသည်။

စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရွှေထီးတော် ငှက်မြတ်နားတော် ရတနာစိန်ဖူးတော်များ မကွေးမြို့တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့သို့ရောက်ရှိစဉ် ကျော်သာ ဆောက်လုပ်ရေးကုမ္ပဏီမှ အလှူတော်ငွေကျပ်(၁၀)သိန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒု-ဥက္ကဌနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများထံ ပေးအပ်လှူဒါန်းရာ တိုင်းဒေ သကြီးလွှတ်တော်ဥက္ကဌ ဧည့်ခန်းမတွင် အလှူငွေအားလက်ခံခဲ့ကြောင်း သိရသည်။
ပင့်ဆောင်ရေးအစီအစဉ်အရ(၁၀.၇.၂၀၁၉) ရက်နေ့တွင် မကွေးမြို့မှ မကွေး-မင်းဘူး-စကု-လယ်ကိုင်း-ကျောင်းတော်ရာလမ်းအတိုင်း ပင့်ဆောင်ပြီး စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်တွင် အပူဇော်ခံထားရှိမည်ဖြစ်သည်။(၁၂.၇.၂၀၁၉) ရက်နေ့တွင် စန္ဒကူးနံ့ သာကျောင်းတော်ရာ စေတီ တော်၏ ထီးတော်အောက်ဘုံအဆင့်များအား ကျောင်းတော်ရာ ဆရာတော်ကြီးအား အမှူးပြု၍ နိုင်ငံတကာမှ ဆရာတော်များဖြင့် တင်လှူပူဇော်မည်ဖြစ်ပြီး (၁၃.၇.၂၀၁၉) ရက်နေ့ နံနက် (၈:၁၀) နာရီတွင် ရတနာစိန်ဖူးတော်၊ ရွှေဌက်မြတ်နားတော်၊ ရွှေထီးတော်တို့အား စည်ကားသိုက်မြိုက်စွာ ကျင်းပ တင်လှူပူဇော်မည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


0 comments:

Post a Comment