Saturday, July 13, 2019

ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာ၌ တည်ထားကိုးကွယ်တော်မူသည့် စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီး၏ ရတနာရွှေထီးတော်၊ တင်လှူပူဇော်သည့် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ကြည်ညို

မကွေး ဇူလိုင် ၁၃
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်နှင့်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ၊ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ (ဇေကမ္ဘာမိသားစု)မှ ဘက်စုံပြုပြင်လှူဒါန်းလျက်ရှိသည့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာ၌ တည်ထားကိုးကွယ်တော်မူသည့် စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီ တော်မြတ်ကြီး၏ ရတနာရွှေထီးတော်၊ တင်လှူပူဇော်သည့် အခမ်းအနားသို့ တက်ရောက်ကြည်ညိုခဲ့ သည်။
အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးသည် မဟာသက္ကရာဇ် ၁၂၄ ခု၊ ဘီစီ(၆၁၀)၌ ဂေါတမဘုရားရှင် ဝါတော်(၂၀)တွင် ရဟန္တာ(၅၀၀)နှင့်အတူ သုနာပရန္တတိုင်း၊ ဝါဏိဇ္ဇဂါ မရွာမှ ဆောက်လုပ်လှူဒါန်းသော စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်ကြီးကို ကြွရောက် အလှူခံ တော်မူပါရန် တပည့်ဖြစ်သော မဟာပုဏ္ဏမထေရ်၏ တောင်းပန်ပင့်လျှောက်မှု အရ အလှူခံကြွရောက် တော်မူခဲ့ပြီး (၇)ရက်သီတင်းသုံးတော်မူခဲ့သော စန္ဒကူးနံ့သာကျောင်းတော် နေရာ၌ ဘုရားဗျာဒိတ် တော်အရ မဏိစည်သူမင်းကြီးမှ သက္ကရာဇ်(၄၅၈)ခုတွင် တည်ထား၍ အပူဇော်ခံရွာပေါင်း(၉၉)ရွာနှင့် လယ်ယာမြေများကိုလည်း လှူဒါန်းခဲ့ခြင်းကြောင့် သာသနာဝင် စေတီတော်မြတ်ကြီး တစ်ဆူဖြစ် ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သူရဦးအောင်ကို၊ သာသနာနုဂ္ဂဟအသင်း (ဗဟို)ဥက္ကဋ္ဌ၊ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးတို့သည် စေတီတော်မြတ်ကြီး၏ ပွဲတော်ကွင်း၌ပြုလုပ်သည့် အနုပညာရှင်များ၏ ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှု့အားပေးသည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့၊ နံနက် ၈ နာရီအချိန်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော် မြတ်ကြီး၏ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်များ တင်လှူပူဇော်သည့် ဒါန သီလ ဘာဝနာ ကုသိုလ်ဆည်းပူးခြင်း အခမ်းအနားသို့ တက်ရောက် ကြည်ညိုခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးသည်နှင့်အဖွဲ့သည် ရှေးဦးစွာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော်၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ မဟာထေရ်မြတ်ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ပြီး ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့သည်။ ဆက်လက်ပြီး ကျိုက်ထီးဆောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တနာဂဒီပ အရှင်သူမြတ်ထံမှ သြဝါဒကထာနာယူ၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ၄င်းနောက် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၏ အကျိုးတော်ဆောင်ချုပ်၊ သာသနဓဇ ဓမ္မာစရိယ ဘဒ္ဒန္တဓမ္မာစာရ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်းကာ အမျှပေးဝေခဲ့သည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီး၊တိုင်းဒေသကြီးဝန်ကြီးချုပ်၊တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ဒု-ဥက္ကဌနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အလှူရှင်ဖြစ်သည့် သာသနာနုဂ္ဂဟအသင်း (ဗဟို) ဥက္ကဋ္ဌ၊ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ(ဇေကမ္ဘာမိသားစု)နှင့်အတူ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ် နားတော်များကို ဒေဝါဝင်း၊ ရာဇာဝင်းများဖြင့် ပင့်ဆောင်လျက် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီ တော်မြတ်ကြီးအား လက်ယာရစ်(၃)ပတ်လှည့်လည်ပူဇော်ကာ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နား တော်များကို စေတီတော်အထွဋ်သို့ တင်လှူပူဇော်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်ဖြစ်သည့် သာသနာ နုဂ္ဂဟအသင်း(ဗဟို) ဥက္ကဋ္ဌ၊ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေတို့က အလှူတော်အောင်ပွဲ အထိမ်း အမှတ်ဖြင့် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကာ ရတနာရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော် တင်လှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
၎င်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးတို့သည် မကွေးမြို့မှ နေပြည်တော်သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)




0 comments:

Post a Comment