Saturday, June 29, 2019

မင်းဘူး(စကု) မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk) ဆွေးနွေးပွဲကျင်းပ



မင်းဘူး                ဇွန်             ၂၆
          ကျေးလက်နေပြည်သူများ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသော အကြောင်းအရာများကို အများပြည်သူ ကြားတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန်နှင့် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး  ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာ စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်၊သနပ်ပင်စုကျေးရွာတွင် ယနေ့ မွန်းလွဲ (၁) နာရီ အချိန်က ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

          အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေးက ကျေးလက်ဒေသဖွံ့ဖြိုး ရေးပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေက ကျေးရွာသူ/သားများအနေဖြင့် မိမိတို့ကျေးရွာတွင် အမှန်တကယ်လိုအပ်ချက်များ၊ အခက်အခဲများကို ဆွေးနွေးသွားကြရန်နှင့် အပြုသဘောဆောင်သည့် ဆွေးနွေးချက် များကို ပူးပေါင်းဆွေးနွေးသွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။

          အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ ခရိုင်လက်ထောက်ပညာရေးမှူး ဒေါ်အေးအေးစန်း၊ ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်ဇော်သိန်း၊ ခရိုင်စားသုံးသူရေးရာဦးစီးအရာရှိ ဒေါ်စုစုထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးမြင့်ဇော်၊ ကျေးလက်လမ်းဦးစီးအရာရှိ ဒေါ်ရီအေးခိုင်၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန စစ်ဆေး ရေးမှူး ဦးအောင်ဇင်ဝင်း၊ မြို့နယ်တိမွေးကုဦးစီးဌာန ဒေါက်တာဆောင်းဝေဦး၊ ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက် မီးသတ်ဦးစီးမှူး ဦးမျိုးစန်းတို့မှ တောင်သူများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ပညာရေးနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဆိုင်ရာသိကောင်းစရာများ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု ဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေဆိုင်ရာများ၊ ကျေးလက်လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ တိရိစ္တာန်ကာကွယ်ဆေး ထိုးနှံခြင်း ဆိုင်ရာများကို ကဏ္ဍအလိုက် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာသည့် ကျေးရွာသူ/သားများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
          အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ငွေ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အဆိုပါ ကျေးရွာနှင့် နီးစပ်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ အသီးသီးတက်ရောက်ကြကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment