Friday, June 21, 2019

ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်



ပွင့်ဖြူ     ဇွန်      ၂၁
          စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တို့ပူးပေါင်းပြီး ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာစေရန်ရည်ရွယ်၍ ဇွန် ၂၀ ရက် ၊ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာ ၊ ရွာလယ်ဓမ္မာရုံတွင် ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အသိပညာပေး ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းမြင့်ခိုင် က တောင်သူများ သီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်းကောင်းမွန်ရေးအတွက် လိုက်နာရမည့်အခြေခံစိုက်ပျိုးရေးနည်း စနစ်များ ၊ သီးနှံအမျိုးအစားအလိုက် ကျရောက်တတ်သည့် ရောဂါပိုးမွှားများအကြောင်းနှင့် ကြိုတင်ကာကွယ်ရန် နည်းလမ်းများကို ပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားပြီး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာကေဇင်ဝင်းအောင် က ကျွဲ ၊ နွား တိရစ္ဆာန်များတွင် အဖြစ်များသော ၊ ခွါနာလျှာနာရောဂါ၊ ပေါင်ပုပ် လက်ပုပ်ရောဂါ၊ ထောင့်သန်းရောဂါ ၊ လည်ချောင်းကွဲရောဂါများအကြောင်းနှင့် အခြေခံမွေးမြူရေးဆိုင်ရာ နည်းစနစ်များ အကြောင်းကို ပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

          ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က ကျေးလက်နေပြည်သူများ သောက်သုံးရေသုံးစွဲရာတွင် လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေးအတွက် သိရှိလိုက်နာရမည့် အချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး ကျေးရွာ(၃)ရွာမှ ရေပေးရေးကော်မတီအဖွဲ့ဝင် (၇)ဦး အား ကျေးလက် ရေပေးရေးဆိုင်ရာနည်းစနစ်များကို  သင်ကြားပြသပေးခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်လာသည့်ဒေသခံရပ်မိရပ်ဖများအား ဌာနအလိုက် ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

          အဆိုပါ ပညာပေးဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာ၊ ရွာသစ်ကလေးကျေးရွာ၊ ရေဖြူတွင်း ကျေးရွာတို့မှ ရေကော်မတီဝင် သင်တန်းသား(၇)ဦးနှင့် ဒေသခံရပ်မိရပ်ဖ ၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
          ယင်းနောက် မွန်းလွဲ ၁ နာရီတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့သည် ပွင့်ဖြူမြို့နယ် မဲရင်းကျေးရွာတွင် စတုတ္ထနှစ်စက်ဝန်း မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများအား အောင်မြင် အကျိုးဖြစ်ထွန်းမှု ရှိ/ မရှိ လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် စီမံကိန်းဝင်အသင်းသား များအား စီမံကိန်းချေးငွေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် သိရှိလိုက်နာရမည့်စီမံကိန်းပါ စည်းကမ်းချက်များနှင့် ငွေစာရင်း၊ ဇယား မှန်ကန်စွာ ဖြည့်စွက်ရေးသွင်းရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
                                                                                        ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment