စလင်း၊ ဇွန် ၁
ယခင်အထက်တန်းဆင့် ပင်ရင်းမြန်မာစာပြဌာန်းစာအုပ်တွင်
စာရေးဆရာသိပ္ပံမောင်ဝ ရေးသား သည့် “အညာဘုရားပွဲ”ဆောင်းပါးပါဘုရားသည် စလင်းမြို့ရှိ
“ကုသိနာရာမရှင်ပင်ရွှေပြည်အေး” ဘုရား ပွဲတော်အကြောင်းရေးသားထားခြင်းဖြစ်သည်။ဘုရားပွဲတော်ကို
နှစ်စဉ်ကဆုန်လပြည်နေ့မှ နယုန်လပြည်နေ့ အထိကျင်းပလျှက်ရှိပြီးဒေသတွင်းပျော်ပွဲရွှင်ပွဲအဖြစ်
နွားပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပသည်။ စလင်း မြို့နယ် မြန်မာနိုင်ငံအလယ်ပိုင်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းတွင်တည်ရှိပြီး မိုးနည်းပြီး ခြောက်သွေ့သည်ကများ၏။
မြစ်ချောင်း၊ တူးမြောင်း၊ ဆည်တမံများမှ ရေကိုသာအားကိုးစိုက်ပျိုးကြသည်။ အညာဒေသသည်ပူပြင်းပြီး
အပူဒဏ်ခံနိုင်သော နွားများကိုသာလယ်ယာလုပ်ငန်းခွင်နှင့်အံဝင်ခွင်ကျဖြစ်နေ ပေသည်။ ခေတ်မှီစက်ကိရိယာများအသုံးပြုနေပြီဖြစ်သော်လည်း
ရှေးအစဉ်အဆက် မိရိုးဖလာသုံးစွဲခဲ့သော နွားများကိုပစ်ပယ်လို့မရသေးပေ။ ထိုကြောင့် အညာဒေသတွင်နွားများကိုသာ
အဓိကထားမွေးမြူကြသည်။
တောင်သူဦးကြီးများအနေဖြင့်မိမိတို့ခိုင်းနွားများကို
နွေအကုန်မိုးအကူး မိုးဦးမကျခင်မိုးစပါးအတွက် လယ်ယာလုပ်ငန်းခွင်မဝင်မှီ အားလပ်လျှက်ရှိရာ
တိုက်ဆိုင်စွာကျင်းပလျှက်ရှိသော ဘုရားပွဲတွင် ရိုးရာယဉ် ကျေးမှုမပပျောက်စေရန် နွားများ၏စွမ်းရည်
နွားမောင်းသူ၏စွမ်းရည် နွားကောင်းများ၏ ကြန်အင်လဏ္ခာနှင့် နွား၏ အဝအလှပြသရန် နွားလှည်းယာဉ်နှင့်
နွားအလှပြိုင်ပွဲကိုထည့်သွင်းကျင်းပခြင်းဖြစ်သည်။ နွားရှင်များ သူ့နွားကိုယ့်နွားပြိုင်ကြသည်။
“ငါ့နွားက ကြံစုံဟေ့ … ကြိမ်တံမြှောက်ရင် တိမ်ယံဖောက်မဲ့နွားဟေ့” “မင်းနွားက နွားပြာနီ
ဒူးမဲ… ဆူးလှည်းတောင်မရုန်းနိုင်တဲ့နွား” စသည်ဖြင့် တစ်ဦးနှင့်တစ်ဦးချစ်ကြည် ရင်းနှီးစွာ
အရွှင်းဖောက် ပြိုင်ဆိုင်ကြသည်။
ယခုအခါ နွားအလှပြိုင်ပွဲစည်းကမ်းအရ နွားအကြီး၊
အငယ် အလှပြေးပြိုင်ပွဲ၊ လှည်းယာဉ်မောင်း ပြိုင်ပွဲ၊ တစ်ကောင်ခြင်း လှည်းတပ်၍ သမင်ပြေး၊
ရှဉ်းစုံအတိုင်နွား သမင်ပြေး၊ အလှည့်နွား စကျပြေး သတ်မှတ်၍ ခြေမချိုး၊ လက်မချိုး၊ သုံးချောင်းထောက်၊
ကဆုန်ထိုး၊ ဝဲပြန်ကြ၊ ကြက်ပြေးစသည့်ဖြင့် ပြိုင်ကြပြီး ဇရစ်ခုန်မပါရ ပါလျှင်ပြစ်မှတ်ပေးသည်။
လမ်းကူး တိုင်တိုး ကြိုးကျ နှင်တံကျမဖြစ်စေရ ဖြစ်လျှင် အရှုံးပေးရသည်။
နွားပြိုင်ပွဲဒိုင်အဖွဲ့မှပြောကြားရာတွင်
“ မြန်မာ့ရိုးရာယဉ်ကျေးမှုကိုပြန်လည်ဖော်ထုတ်ရန်၊ တောင်သူ ဦးကြီးများနှင့် ပွဲတော်လာပြည်သူများပျော်ပွဲရွှင်ပွဲဖြစ်စေရန်
ဘုရားပွဲတောစည်းကားပြီး ဈေးရောင်းဈေးဝယ် ကောင်းစေရန်ရည်ရွယ်၍” ကျင်းပခြင်းဖြစ်ကြောင်း
ပြောသည်။
စိုးမိုးသူ (စလင်း)
0 comments:
Post a Comment