မင်းဘူး
မေ ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင်
ရေနံတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)နှင့်
အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် MPRL E&P Pte Ltd. အနေဖြင့် မန်းရေနံမြေ
ဒေသခံ ပြည်သူများအတွက် CSR အစီအစဉ်ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းအစီအစဉ်၏ ကဏ္ဍတစ်ရပ်အနေဖြင့်
မင်းဘူးမြို့ သတ်မှတ်နေရာ အသီးသီးတွင် စွန့်ပစ်အမှိုက်ကင်းစင်ရေး လှုပ်ရှားမှုကို
ယမန်နေ့ ညနေ ၅ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
"လမ်းဘေးဝဲယာမှာရှိတဲ့
ပလတ်စတစ်အမှိုက်တွေကို အဓိကထား ကောက်ပါတယ်၊ မင်းဘူးမြို့ ပတ်ဝန်းကျင် အမှိုက်ကင်းစင်သာယာလှပဖို့အတွက်
ရည်ရွယ်ပြီး အမှိုက်ကောက်ခဲ့တာပါ၊ ယခုလို စီစဉ်ပေးတဲ့ Trash Hero Myanmar မှ
တာဝန်ရှိသူတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်၊ နောက်လည်း ခုလိုဆက်လက်ဆောင်ရွက်စေလိုပါတယ်"
ဟု ဒေသခံတစ်ဦးက ပြောပြသည်။
စွန့်ပစ်အမှိုက်ကင်းစင်ရေးလှုပ်ရှားမှုတွင် လွှတ်တော်ကိုယ်စားလှယ်များ၊
မင်းဘူး(စကု) မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မန်းရေနံမြေ အထွေထွေမန်နေဂျာနှင့်
ဌာနမှုးများ၊ Trash Hero Myanmar မှ Country Coordinatorနှင့် အဖွဲ့ဝင်များ၊ MPRL
E&P Pte Ltd. နဲ့ Myint & Associates Co., Ltd. ကုမ္ပဏီများ၏ မန်းရေနံမြေရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော
ဝန်ထမ်းများ၊ CSR ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကျေးရွာ (၈)ရွာမှ အမှိုက်ကောက်သူရဲကောင်းများ၊
မင်းဘူးမြို့နယ် စည်ပင်နဲ့ မီးသတ်ဌာနမှ ဝန်ထမ်းများ စုစုပေါင်းအမှိုက်ကောက်သူရဲကောင်း
(၄၈၄) ဦး တို့က အမှိုက် (၅.၈၉) တန်ကို မင်းဘူးမြို့၊ မြောက်လှည်းကောင် အဝိုင်းပတ်မှ
မြောက်ဘက်လမ်းမကြီးတစ်လျောက် MOGE ဂိတ်ဝအထိ
ကောက်ယူရှင်းလင်းခဲ့ကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)
0 comments:
Post a Comment