Tuesday, May 21, 2019

ပွင့်ဖြူမြို့နယ် ဘီးဇပ်ခုံကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်နှစ်လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရ



ပွင့်ဖြူ     မေ    ၂၁
          မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ဘီးဇပ်ခုံကျေးရွာတွင် မေ ၂၁ ရက် ၊ ယနေ့ နံနက် ၁၀ နာရီက ဧရာဝတီမြစ်ကမ်းပါး ပြိုကျလာမှုကြောင့် လူနေအိမ်နှစ်လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရ ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

          ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စု ၊ ဘီးဇပ်ခုံကျေးရွာသည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ဒေသခံကျေးလက်နေပြည်သူများအနေဖြင့် နှစ်စဉ် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုဒဏ်ကို ရင်ဆိုင် ကြုံတွေ့နေရသည့်ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရပြီး ၊ ယနေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ကမ်းပါးပြိုကျလာမှုကြောင့် မြစ်ကမ်းပါးနှင့် နီးစပ်နေသည့် လူနေအိမ်နှစ်လုံးအား ကျေးရွာရှိ လူမှုကူညီရေးအသင်းသားများနှင့် ဒေသခံရပ်မိရပ်ဖများ ပူးပေါင်းအဖွဲ့က ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့မှုများ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

          အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်နှစ်လုံးမှ အိမ်ထောင်စုဝင်များ အား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ယာယီတည်းခိုနေထိုင်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျေးရွာရပ်မိရပ်ဖများက စီစဉ်ဆောင်ရွက်ပေးထားပြီး ကမ်းပါးပြိုကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။  ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment