ထီးလင်း မေ ၁
မြန်မာ့ရိုးရာဓလေ့ဖြစ်သည့် ဆွမ်းအုပ်ဖြင့်
ဆွမ်းပို့သည့်ဓလေ့ကို ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် တွင် ယနေ့တိုင်တွေ့ရှိနေသော်လည်း
ဆွမ်းအုပ်ဖြင့်ဆွမ်းပို့သည့်ဓလေ့မှာ တဖြည်းဖြည်း လျော့နည်းလာလျှက်ရှိ ကြောင်း သိရသည်။
“ ကျွန်တော်တို့ရွာကတော့ ဆွမ်းပို့ရင် ဆွမ်းအုပ်နဲ့ပို့ရမှ
ကျေနပ်ဆဲဖြစ်ပါတယ်၊ အခက်အခဲက ဒေသမှာ ယွန်းပညာရှင်မရှိတော့ ဆွမ်းအုပ်လုပ်ရောင်းတဲ့သူ
မရှိဖြစ်နေတယ်၊ အိမ်သစ်ခွဲတဲ့သူတွေ ဗန်းနဲ့ပို့နေကြရတယ်၊ ဆွမ်းအုပ်သုံးစွဲတဲံရွာတွေမှာ
အဲဒီအခက်အခဲရှိနေတယ်၊ အခုနှစ်မှာ ဂန့်ဂေါမြို့က စေတနာရှင်တစ်စုက ဆွမ်းအုပ် ၅ လုံး လာရောက်လှူဒါန်းထောက်ပံ့လာလို့
ကျွန်တော်တို့ရွာအနေနဲ့ အဆင်ပြေသွားတယ်၊ ဟင်းခွတ်ကုန်းကျေးရွာမှာတော့ ဆွမ်းအုပ် ရရှိနိုင်မှုနည်းလာလို့
မနှစ်ကစပြီး ဗန်းနဲ့ပို့တဲ့စနစ်ကို ပြောင်းလိုက်ကြရတယ် ” ဟု ဝါးဘိုးချောင်ကျေးရွာမှ
ဦးမျိုးနိုင် ကပြောသည်။
ဆွမ်းအုပ် အနီရောင် နှင့် အနက်ရောင် ကို
အသုံးများကြရာ ထီးလင်းမြို့နယ်သည် သစ်စေးထွက်ရှိရာ ဒေသဖြစ်သည့်အတွက် သစ်စေးဖြင့်အချောကိုင်သုံးစွဲခြင်းကို
ပိုမိုနှစ်သက်ကြပြီး ဆွမ်းအုပ်ကိုလည်း သစ်စေး အရောင်ဖြစ်သည့် ဆွမ်းအုပ်အနက် သုံးစွဲသူ
ပိုမိုများပြားသည်ဟု ဆိုသည်။
ထီးလင်းမြို့နယ်၌ ဆွမ်းအုပ်ကိုသုံးစွဲ၍ ဆွမ်းပို့ကြသည့်
ကျေးရွာ ၁၀ ရွာကျော်ရှိနေသေးသော်လည်း လျော့နည်းလာမှုများဖြစ်လာသည့်အတွက် အကူအညီများ
လိုအပ်နေကြောင်းနှင့် ဆွမ်းအုပ်များကို ပုဂံဒေသ ယွန်းလုပ်ငန်းများမှ အချိုးအစားဖော်ပြ
မှာယူရကြောင်း ၊ ဆွမ်းအုပ်တစ်လုံးအတွက် တန်ဖိုးငွေ ကျပ် ၇၀၀၀၀ ဝန်းကျင်ရှိပြီး အချိန်ကာလ
၃ လခန့် ကြိုတင်မှာယူရကြောင်း အလှူရှင်များထံမှ သိရသည်။
တောင်သားမောင်သန်း
0 comments:
Post a Comment