Saturday, April 6, 2019

မြို့နယ်အရပ်ဖက်အဖွဲ့အစည်းများဖိုရမ်(CSO Forum) အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



ပွင့်ဖြူ    ဧပြီ   
          မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ဖွံ့ဖြိုးရေးကွန်ယက်အသင်းမှ ကြီးမှူးကျင်းပပြုလုပ်သည့် မြို့နယ်အရပ်ဖက် အဖွဲ့အစည်းများဖိုရမ်(CSO Forum)အလုပ်ရုံဆွေးနွေးပွဲကို ဧပြီ ၅ ရက် ၊ ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့ ၊ သက်တော် ရှည်ရပ်ကွက်ရှိ စိန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အခမ်းအနားတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ က အဖွင့် အမှာစကား ပြောကြားပြီး ၊ ပွင့်ဖြူမြို့နယ်ဖွံ့ဖြိုးရေးကွန်ယက်အသင်းမှ အတွင်းရေးမှူး ဦးခင်မောင်ဇော် က မြို့နယ် အရပ်ဖက်အဖွဲ့အစည်းများဖိုရမ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆွေးနွေးမည့် အကြောင်းအရာများ ကို အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

          ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်ဖွံ့ဖြိုးရေးကွန်ယက်အသင်းများမှ အသင်းဝင်များက မြို့နယ်အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ပြည်သူ့အကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် အရပ်ဖက်အဖွဲ့အစည်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများအချင်းချင်း ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရန် ခေါင်းစဉ်များဖြင့် အုပ်စုများဖွဲ့၍ အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
          ဆက်လက်၍ ပွင့်ဖြူမြို့နယ်ဖွံ့ဖြိုးရေးကွန်ယက်အသင်းမှ တာဝန်ရှိသူများက ဖွံ့ဖြိုးရေးကွန်ယက်အသင်းအဖွဲ့ များ၏ အုပ်စုဖွဲ့အကြံပြုဆွေးနွေးမှုများအပေါ် အစိုးရဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများအချင်းချင်း ပူးပေါင်း၍ မြို့နယ်အတွင်း ကဏ္ဍပေါင်းစုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် ပိုမိုမြန်ဆန်စွာ လုပ်ကိုင်ဆောင်ရွက်သွားနိုင်ရေး အတွက် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။  
          အဆိုပါ မြို့နယ်အရပ်ဖက် အဖွဲ့အစည်းများဖိုရမ်(CSO Forum)အလုပ်ရုံဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ နှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ ပွင့်ဖြူမြို့နယ်ဖွံ့ဖြိုးရေးကွန်ယက် အသင်းမှ ဥက္ကဋ္ဌ ဦးဌေးဝင်းနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြား ထားသည့်မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။  ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment