Wednesday, April 24, 2019

လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာချင်းဆက်လမ်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး



ပွင့်ဖြူ       ဧပြီ        ၂၄
          မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာနှင့် မှရိုးကုန်းကျေးရွာ သို့ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက်မြေသားလမ်းအား ဂဝံမြေနီလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဧပြီ ၂၃ ရက် ၊ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည် ဖော်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
          ယင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရန်နှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ အချိန်ကုန်လူပင်ပန်း သက်သာစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာနှင့် မှရိုးကုန်းကျေးရွာသို့ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက် မြေသားလမ်း အရှည်ပေ ၃၃၀၀ အား ဂဝံမြေနီလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုအခြေအနေအား သတ်မှတ် စံချိန်စံညွှန်းများနှင့် အညီ လုပ်ငန်းအရည်အသွေးပြည့်မီခြင်း ရှိ/ မရှိ ကြည့်ရှုစစ်ဆေးရာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များက ဒေသဖွံ့ဖြိုးရေးအတွက် ရေရှည်အသုံးပြုသွားလာနိုင်အောင် စနစ်တကျ လုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
          ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့် ဆန်းနှင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့မှ တာဝန်ရှိသူများက နိုင်ငံတော်မှ ဒေသခံကျေးလက် နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ဖွံ့ဖြိုးရေးရန်ပုံငွေများ ခွဲဝေချထားပေး လျက်ရှိပြီး ကျေးရွာပြည်သူများအနေဖြင့် မိမိတို့ကျေးရွာအတွက်ရရှိသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသအတွက် အမှန်တကယ်အကျိုးရှိအောင် ဝိုင်းဝန်းပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် ယခု ဆောင်ရွက်ပြီးစီး သည့် ကျေးရွာချင်းဆက်လမ်းအား ကျေးလက်နေပြည်သူများ ရေရှည်အသုံးပြုသွားလာနိုင်အောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် ရှင်းလင်းဆွေးနွေး မှာကြားခဲ့သည်။
          ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း ၁၀၀၀ ဖြင့် ကျေးရွာအုပ်စု ၂၄ အုပ်စုတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ၂၄ ခု အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။  ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment