Tuesday, April 9, 2019

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းဆွေးနွေး




ပွင့်ဖြူ    ဧပြီ    
          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်၌ ၂၀၁၉ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာနှင့် မြို့မိမြို့ဖများ အကြိုညှိနှိုင်းဆွေးနွေးပွဲကို ဧပြီ ရက် ယနေ့ မွန်းလွဲ နာရီက ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

          မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် မြန်မာ့ရိုးရာရေသဘင်ပွဲတော်ကျင်းပရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ က ပွင့်ဖြူမြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပွဲတော်ကျင်းပရေး ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့ကျရာ တာဝန်ကို လစ်ဟင်းမှုမရှိအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေ လိုကြောင်း ရေကစားမဏ္ဍပ်အသီးသီတွင် ပြည်သူများ စိတ်အနှောက်အယှက်မဖြစ်စေရေးအတွက် လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပွဲတော်ကျင်းပနေစဉ်ကာလအတွင်း မူးယစ်ရမ်းကားမှုများနှင့် ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်ပေါ်စေရေးအတွက် စည်းကမ်းကြပ်မတ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းနှင့် နေ့အလိုက် ဖျော်ဖြေရေး အစီအစဉ် များနှင့် စတုဒီတာကျွေးမွေးခြင်းအစီအစဉ်များ ထည့်သွင်းကျင်းပပြုလုပ်သွားရန်တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
          ဆက်လက်၍ တက်ရောက်လာကြသည့် မြို့နယ်မြန်မာ့ရိုးရာရေသဘင်ပွဲတော်ကျင်းပရေးကြီးကြပ်မှုကော်မတီမှ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက ပွင့်ဖြူမြို့၌ ကျင်းပပြုလုပ်သွားမည့် အတာသင်္ကြန်ပွဲတော်အား ယခင်နှစ်ထက် ပိုမို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် ဖွင့်ပွဲကျင်းပမှုအစီအစဉ်များ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ရေကစားမဏ္ဍပ်အတွက် ရေအလုံအလောက်ရရှိရေးကိစ္စရပ်များ၊ လုံခြုံရေးနေရာချထားမှုကိစ္စရပ်များနှင့် စတုဒီတာ ဧည့်ခံကျွေးမွေးမှုအစီအစဉ်များကို ကဏ္ဍလိုက် အကြံပြုရှင်းလင်းဆွေးနွေး ပြောကြားသည်။ ယင်းနောက် မြို့နယ်မြန်မာ့ရိုးရာရေသဘင်ပွဲတော်ကျင်းပရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ က ဌာနဆိုင်ရာ များနှင့် မြို့မမြို့ဖများ၏ အကြံပြုတင်ပြချက်များအပေါ်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
          ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် ၂၀၁၉ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဌာနဆိုင်ရာများ နှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ဖျော်ဖြေရေးယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများ၊ နေ့အလိုက် စတုဒီတာ ကျွေးမွေးခြင်းအစီအစဉ်များနှင့် အတူ လမ်းလျှောက်သင်္ကြန်ကဲ့သို့ အခမ်းအနား ပြင်ဆင်မှု များဖြင့် စည်းကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့ရိုးရာရေသဘင်ပွဲတော် ကျင်းပရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းရွှေထံမှ သိရသည်။  
 ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment