Saturday, April 6, 2019

ပွင့်ဖြူမြို့နယ်၌ ကူဘိုတာကောက်စိုက်စက်ဖြင့် စမ်းသပ်စိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲ ကျင်းပ




ပွင့်ဖြူ      ဧပြီ   
          မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် ကူဘိုတာ လယ်ယာသုံးစက်ကိရိယာရောင်းဝယ်ရေး ကုမ္ပဏီ တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ကူဘိုတာကောက်စိုက်စက်ဖြင့် စမ်းသပ်စိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ဧပြီ ၄ ရက် ၊ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ တောင်သူ ဦးအောင်မင်းကြည် ၏  ကွင်းအမှတ် ၇၅၈ စပါးစိုက်လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ကွင်းသရုပ်ပြပွဲတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကို က  နည်းပညာများဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ လယ်ယာသုံးစက်ကိရိယာပစ္စည်းများ တိုးတက်များပြားနေလျက်ရှိပြီး တောင်သူများ အနေဖြင့် သီးနှံစိုက်ပျိုးရာ၌ လုပ်သားရှားပါးမှုအခက်အခဲများနှင့် သီးနှံစိုက်ပျိုးမှုကုန်ကျစရိတ်များ လျော့နည်း သက်သာသွား စေကြောင်း၊ ကောက်စိုက်အသုံးပြုခြင်းဖြင့် စိုက်နည်းစနစ် မှန်ကန်မှုကြောင့် သီးနှံအထွက်နှုန်းများ ပိုမိုရရှိလာမည် ဖြစ်ကြောင်းနှင့် ယခု ပြုလုပ်သည့် ကောက်စိုက်စက်ဖြင့် စိုက်နည်းစနစ်ကွင်းသရုပ်ပြပွဲကို တောင်သူများ စနစ်တကျ လေ့လာပြီး မိမိတို့မြို့ရွာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်လုပ်ကိုင်ကြရန် ရှင်းလင်း ပြောကြားသည်။  ဆက်လက်၍ ကူဘိုတာ လယ်ယာသုံးစက်ကိရိယာရောင်းဝယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ ကိုဂျိုး က ကူဘိုတာကုမ္ပဏီမှ ထုတ်လုပ်သည့် လယ်ယာသုံးစက်ကိရိယာပစ္စည်းများနှင့် ကူဘိုတာ ကောက်စိုက်စက်ဖြင့် စပါး စိုက်ပျိုးနည်းပညာများကို အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

          ထို့နောက် ကူဘိုတာ ကုမ္ပဏီမှ တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ တောင်သူ ဦးအောင်မင်းကြည် ၏ ကွင်းအမှတ် ၇၅၈ စပါးစိုက်လယ်မြေတွင် ကူဘိုတာကောက်စိုက်စက်ဖြင့် ရတနာတိုးမျိုးစပါး ၃ ဧက စိုက်ပျိုးခြင်းအား တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ပြုလုပ်ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကိုနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဒေသခံတောင်သူများကစိတ်ဝင်တစ်စားလေ့လာကြည့်ရှုခဲ့ကြသည်။
          အဆိုပါ ကောက်စိုက်စက်ဖြင့် စမ်းသပ်စိုက်ပျိုးခြင်းတောင်သူပညာပေးကွင်းသရုပ်ပြပွဲသို့ မကွေးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကိုနှင့် ဝန်ထမ်းများ ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဖိတ်ကြားထားသည့် ဒေသခံတောင်သူ ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။  ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment