ပွင့်ဖြူ ဧပြီ
၂၃
မကွေးတိုင်းဒေသကြီး
၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ယခု ၂၀၁၈ - ၂၀၁၉ ခုနှစ်
၊ နွေသီးနှံ စိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ တောင်သူများ ဈေးကွက်ပိုမိုရရှိစေရန်အတွက်
ရည်ရွယ်၍ အော်ဂဲနစ်စိုက်ပျိုးရေး နည်းပညာဖြင့် နွေနှမ်းသီးနှံ ၁၂၅ ဧက စမ်းသပ်စိုက်ပျိုး
ဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး
ဦးလှိုင်မြင့် ထံမှ သိရသည်။
“
ယခု ၂၀၁၈ - ၂၀၁၉ ခုနှစ် ၊ နွေသီးနှံစိုက်ပျိုးရာသီမှာ မြို့နယ်အတွင်း နှမ်းစိုက်ပျိုးတောင်သူများ
နှမ်းသီးနှံ စိုက်ပျိုးရာတွင် ဈေးကွက်ပိုမိုရရှိစေရန်နှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်
ကင်းဝေးစေသော အော်ဂဲနစ် နည်းပညာ သီးနှံစိုက်ပျိုးထုတ်လုပ်မှု အလေ့အကျင့်ကောင်းများရရှိစေရန်
ရည်ရွယ်ပြီးတော့ ကျွန်တော်တို့မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးကူညီမှုနဲ့
နွေနှမ်း ၁၂၅ ဧက အား အော်ဂဲနစ်စိုက်ပျိုးရေးနည်းပညာဖြင့် စိုက်ပျိုးဆောင်ရွက် ထားပါတယ်။
တောင်သူတွေ အော်ဂဲနစ်နည်းပညာဖြင့် စိုက်ပျိုးထားရှိတဲ့ နွေနှမ်းသီးနှံအတွက် ဈေးကွက်ရရှိရေးကို
တော့ မစ်ဇူဘစ်ရှီ ကုမ္ပဏီနဲ့ ချိတ်ဆက် ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။ ဒါ့အပြင် အော်ဂဲနစ်နည်းပညာဖြင့်
စိုက်ပျိုး ဆောင်ရွက်ထားရှိတဲ့ နှမ်းသီးနှံစိုက်ခင်းတွေ သီးနှံအထွက်နှုန်း ပိုမိုရရှိစေရေးအတွက်
(OAFADG )အဖွဲ့မှ လိုအပ်သည့် သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း ၊ သီးနှံအပင်အားဆေးနှင့်
သဘာဝဆေးဖော်စပ်အသုံးပြုနည်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးထားပါတယ်။ ကျွန်တော်တို့
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့က သီးနှံစိုက်ပျိုးပြီးချိန်မှ သီးနှံရိတ်သိမ်း
ချိန်အထိ သီးနှံအောင်မြင်ဖြစ်ထွန်းမှုအခြေအနေ မှတ်တမ်းပြုစုခြင်းနှင့် ပညာပေးခြင်းလုပ်ငန်းများကို
ပံ့ပိုးကူညီ ဆောင်ရွက်ပေးထားပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးနည်းပညာဖြင့် နှမ်းသီးနှံစိုက်ပျိုးခြင်းကို
ယခုနှစ်မှ စတင် စမ်းသပ် စိုက်ပျိုးခြင်းဖြစ်ပြီး တောင်သူများအတွက် အကျိုးအမြတ် အောင်မြင်ဖြစ်ထွန်းမှုများ
ရရှိလာပါက ကျန်ရှိသည့် ကျေးရွာ များမှ တောင်သူများကို စည်းရုံးဆောင်ရွက်ကာ အော်ဂဲနစ်နည်းပညာ
နှမ်းစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို တိုးချဲ့စိုက်ပျိုး ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ
မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် က ပြောပြ၍ သိရ သည်။
ရဲဝင်းနိုင် (ညောင်ဦး)
0 comments:
Post a Comment