Thursday, March 28, 2019

ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အခက်အခဲအတားအဆီးများ ဆန်းစစ်ဖော်ထုတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ



မကွေး   မတ်   ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများအရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF)တို့ ပူးပေါင်း၍ ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ အခက်အခဲ အတားအဆီးများ ဆန်းစစ်ဖော်ထုတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၈ ရက်နေ့ ယနေ့ နံနက် (၉)နာရီ အချိန်က ထိန်ထိန်သာဟိုတယ်၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက  ယနေ့အလုပ်ရုံဆွေးနွေပွဲကို ကျေးလက်ဒေသရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (WASH)ကဏ္ဍဆိုင်ရာ လက်ရှိဆောင်ရွက်မှု အခြေအနေများ၊ စိန်ခေါ်မှုများ၊ အခက်အခဲ အတားအဆီးများ ဆန်းစစ် ဖော်ထုတ်နိုင်ရန်နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ အချက်အလက်များကောက်ယူ စာရင်းပြုစု နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း၊  အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေသောဌာနများမှ ဝန်ထမ်းများ၊ နှီးနွယ်ဌာန များမှ ဝန်ထမ်းများ WASH Bottleneck Analysis Tool အကြောင်း သိရှိနိုင်ရန်အတွက် ကျင်းပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်မှ တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြပြီး မန္တလေး UNICEF ရုံးခွဲတာဝန်ခံ ဒေါ်ခိုင်ခိုင်ရွှေမှ ယခုအလုပ်ရုံဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တွင်သာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများကလည်း WASH ကဏ္ဍဆိုင်ရာ လက်ရှိဆောင်ရွက်မှု အခြေအနေများ၊ စိန်ခေါ်မှုများ၊ အခက်အခဲ အတားအဆီးများကို ဝိုင်းဝန်းဆွေးနွေးပြီး Action Plan ‌ဖော်ထုတ်ပေးရမှာဖြစ်ကြောင်းရှင်းလင်း တင်ပြပါသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နည်းပညာပေးအကြံပေးအဖွဲ့  ကျေးလက်ဒေသဖွံ့ဖြိုးရေး ကျွမ်းကျင်ပညာရှင် ဦးကျော်နိုင်မှ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲရခြင်းနှင့် စီမံကိန်းရေးဆွဲရာတွင် အခြေခံလိုအပ်ချက် များကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ အဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် ကျေးရွာဖွံ့ဖြိုးရေးကျွမ်းကျင် ပညာရှင် ဦးကျော်နိုင်တို့မှ ပြန်လည်ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများအရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF)မှ တာဝန်ရှိသူများ၊ တက်ရောက်ကြပြီး ဆွေးနွေးပွဲကို မတ်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

သန်းလွင်(မကွေး)

0 comments:

Post a Comment