Thursday, June 21, 2018

ကြက်ခြေနီတပ်ဖွဲ့မှ ပွင့်ဖြူမြို့နယ်ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်



ပွင့်ဖြူ        ဇွန်         ၂၁
          မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာအုပ်စု - မှရိုးကုန်းကျေးရွာ၊ ရွာထောင်ကျေးရွာနှင့် ဂါတ်ကုန်း ကျေးရွာတို့တွင်  မိုးသည်းထန်စွာရွာသွန်းပြီး မုန်းချောင်းရေတိုးမြင့်မှုကြောင့် မုန်းချောင်းကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်နေ၍ လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသဖြင့် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာထွန်းထွန်း ဦးဆောင်သော ကော်မတီဝင်များ၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က လူသားချင်းစာနာထောက်ထားမှုအနေဖြင့် မုန်းချောင်းကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်များ ပြောင်းရွှေ့ရသည့် အိမ်ထောင်စု(၈၉)စုအား အိမ်ထောင်စုတစ်စုလျှင် Hyginene Kits တာပေါ်လင်များ၊ ဆေးစိမ်ခြင်ထောင် များနှင့် စောင်များကို ဇွန် ၂၀  ရက်၊ ယမန်နေ့ နံနက်ပိုင်းက ရွှေလှေကျေးရွာအုပ်စု - မှရိုးကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း မှရိုးကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းတန်ထံမှ သိရသည်။
          အဆိုပါ ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာထွန်းထွန်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင်တို့က ရေဘေးသင့်ပြည်သူများကို အားပေးစကား ပြောကြားပြီး လာရောက် ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက်  မြို့နယ်ကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာထွန်းထွန်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအဖွဲ့က မိုးသည်း ထန်စွာ ရွာသွန်းပြီး မုန်းချောင်းကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် ရွှေလှေကျေးရွာ အုပ်စု - မှရိုးကုန်းကျေးရွာမှ လူနေအိမ်(၇၈)လုံး၊  ရွာထောင်ကျေးရွာမှ လူနေအိမ်(၈)လုံးနှင့် ဂါတ်ကုန်းကျေးရွာမှ  လူနေအိမ်(၃)လုံး ၊ စုစုပေါင်း လူနေအိမ်(၈၉)လုံးအား တစ်အိမ်လျှင် ခန့်မှန်းတန်ဖိုးငွေကျပ်(၃၆၅၀၀) တန်ဖိုးရှိ Hyginene Kits တာပေါ်လင်များ၊ ဆေးစိမ်ခြင်ထောင်များနှင့် စောင်များကို ရေဘေးသင့်ပြည်သူများထံ ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။  ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment