Thursday, June 21, 2018

မိုးရာသီကာလ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ အသုံးပြုနိုင်ရေး ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့်သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ယိုင်နေသည့်ဓာတ်အားလိုင်းတိုင်များအား တည့်မတ်ခြင်းလုပ်ငန်း စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ



ပွင့်ဖြူ     ဇွန်      ၂၂
          လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးလှိုင်မင်းထက်၏ ဦးဆောင်မှုဖြင့် လျှပ်စစ်ဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်း မိုးရာသီကာလ ပြည်သူများ လျှပ်စစ် အန္တရာယ် ကင်းဝေးပြီး ဓာတ်အားပြတ်တောက်မှုလျော့နည်းကျဆင်းစေရန်၊ ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်ပြီး ပြည်သူများ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်တို့ကို ရည်ရွယ်၍ မြို့နယ်အတွင်း ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိသည့် ဓာတ်အားလိုင်းများသို့ သွားရောက်ပြီး ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့်သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓာတ်အားလိုင်းတိုင်များ ယိုင်လဲနေမှုများ တွေ့ရှိပါက ပြန်လည်တည့်မတ်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးလှိုင်မင်းထက်ထံမှ သိရသည်။
          ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်အတွင်းရှိ ထိန်းသိမ်းဆောင်ရွက်ရသည့် ဓာတ်အား လိုင်းများအနေဖြင့် (၃၃)ကေဗွီ ဓာတ်အားလိုင်း (၁၈.၄၄)မိုင် ၊ (၁၁)ကေဗွီ ဓာတ်အားလိုင်း(၁၀၁.၂၂)မိုင်နှင့် (၄၀၀)ဗို့လိုင်း (၁၁၈.၇၇)မိုင် ရှိပါတယ်။ မြို့နယ်အတွင်း ဖြန့်ဖြူးဆောင်ရွက်ပေးနေတဲ့ လျှပ်စစ်ဓာတ်အားလိုင်းများကို မိုးရာသီကာလ ရောက်ရှိပြီဖြစ်လို့ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းပြီး ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားလိုင်းနဲ့ မလွတ်ကင်းတဲ့ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အားလိုင်းတိုင်များ ယိုင်နဲ့နေမှုတွေ တွေ့ရှိပါက ပြန်လည်တည့်မတ်ခြင်းလုပ်ငန်းများကို နှစ်ပတ်လျှင်(၁)ကြိမ် စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အနေဖြင့် ပြည်သူများ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေဖို့အတွက် အလေးထား ဆောင်ရွက် ပေးနေပါတယ်။ ဒါ့အပြင် မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လျှပ်စစ်မီးသုံးစွဲခွင့်ရရှိရေးအတွက် ကျေးရွာလျှပ်စစ် မီးလင်းရေးလုပ်ငန်းများကိုလည်း ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါတယ် ဟု ပွင့်ဖြူမြို့နယ်လျှပ်စစ် မန်နေဂျာ ဦးလှိုင်မင်းထက်က ပြောပြသည်။  ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment