Monday, June 11, 2018

ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာတွင် အသိပညာပေးဟောပြောပွဲ ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကွင်းဆင်းဆောင်ရွက်



ပွင့်ဖြူ     ဇွန်    
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပွင့်ဖြူမြို့နယ် ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းတို့ ပူးပေါင်း၍ ညောင်ပင်စောက်ကျေးရွာမှ ကျေးလက်နေ ပြည်သူများနှင့် ကျောင်းနေအရွယ် ကျောင်းသားကျောင်းသူမောင်မယ်များ စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် စာဖတ်ခြင်းဖြင့် စာပေအသိပညာကိုအသုံးချကာ ကျေးလက်ဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ ဇွန် ၉ ရက်၊ ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ပင်စောက်ကျေးရွာ (ရွာဦး)ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး အသိပညာပေးဟောပြောပွဲ ၊ နံရံကပ်စာစောင် နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
          အဆိုပါ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ရာတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသန္တာအောင်နှင့် ဝန်ထမ်းများအဖွဲ့က ညောင်ပင်စောက်ကျေးရွာရှိ (KG)တန်း ကျောင်းသားကျောင်းသူလေးများအား စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် ဥာဏ်ရည်ဥာဏ်သွေးများ ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ ဆေးရောင်လှလှ ခြယ်ကြမယ် ခေါင်းစဉ်ဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ကာ ပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသည့်ကျောင်းသားကျောင်းသူ လေးများကို ပုံဆွဲစာအုပ်နှင့် ပုံဆွဲကိရိယာပစ္စည်းများ ဆုချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ အဖွဲ့သည် မူလတန်းမှ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများကို ကျောင်းစာအပြင် ပြင်ပဗဟုသုတ အသိပညာ တိုးပွားလာစေရေး သုတ/ရသ စာအုပ်စာစောင်များကို ငှားရမ်း၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား ကျောင်းသူမောင်မယ်များက အားပါးတရ ငှားရမ်းလေ့လာဖတ်ရှုကြပြီး ပညာပေး ပြသဆောင်ရွက်ထားရှိသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး ပညာပေး နံရံကပ်စာစောင်များနှင့် ဒေသတွင်း လှုပ်ရှားမှုသတင်းဓာတ်ပုံများကို စိတ်ဝင်တစ်စား ကြည့်ရှုလေ့လာခဲ့ကြသည်။
          ထို့နောက် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ပွင့်ဖြူမြို့နယ် ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club) အသင်းမှ တာဝန်ရှိသူများအဖွဲ့က ဒေသခံကျေးလက်နေပြည်သူများနှင့် ကျောင်းသားကျောင်းသူများကို စာအုပ်စာပေ ဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများ၊ စည်းလုံးညီညွတ်မှုရှိခြင်း၏ အကျိုးကျေးဇူးများ၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ စီးပွားရေး အစရှိသည့် အသိပညာဗဟုသုတများကို ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ရာ တက်ရောက်လာသည့်ဒေသခံကျေးလက်နေပြည်သူများက ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club) အသင်းမှ တာဝန်ရှိသူများ ရှင်းလင်းဆွေးနွေး ဟောပြောမှုအပေါ် သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး အခမ်းအနားကို ညနေ ၄ နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
          အဆိုပါ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကွင်းဆင်းဆောင်ရွက်ရာသို့ ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူမောင်မယ်များနှင့် ဒေသခံကျေးလက်နေပြည်သူများ စုစုပေါင်း ဦးရေ ၂၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။  ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment