Wednesday, April 18, 2018

သက်ကြီးပူဇော်ကန်တော့ပွဲနှင့် အလင်းစေတမန်စာကြည့်တိုက် ဖွင့်ပွဲပြုလုပ်




ဆိပ်ဖြူ  ဧပြီ   ၁၇
              မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ချင်တောင်ကျေးရွာ၌ မူဆယ်မြို့နေ အလှူရှင် ဦးသက်ခိုင်၊ ဒေါ်ခင်ဆွေဝင်း (စေတမန်)ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမိသားစုက ဇာတိချက်ကြွေမွေးရပ်မြေရှိ အသက် (၇၅) နှစ် အထက် သက်ကြီးအဖိုးအဖွားများနှင့် အလင်းစေတမန်စာကြည့်တိုက်ဖွင့်ပွဲကို ဧပြီလ ၁၇ ရက်နေ့နံနက် ၉ နာရီတွင် ပြုလုပ်သည်။

     အလှူရှင်မိသားစုအနေဖြင့် မိမိရပ်ရွာဒေသရှိ သက်ကြီးအဖိုးအဖွားများကို ကောင်းမြတ်သောမင်္ဂလာ တရားတော်နှင့်အညီ ပူဇော်ထိုက်သူများအား ပူဇော်ကန်တော့ခြင်းနှင့် မွေးရပ်ဇာတိမြေရှိ လူငယ်လူရွယ်များကို လမ်းမှားမရောက်စေရေး၊အသိပညာ၊အတတ်ပညာများတိုးတက်လာပြီး အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင်ကောင်း များအဖြစ်ပေါ်ထွန်းလာစေရန်နှင့်ရရှိခဲ့သောအသိပညာဗဟုသုတများဖြင့် မိမိဒေသနယ်ပယ်အသီးသီးတွင် ရရှိလာ သည့် အသိပညာအတတ်ပညာများဖြင့်လက်တွေ့ကျကျအသုံးချပြီး လူမှုပတ်ဝန်းကျင်တွင် လိမ္မာယဉ်ကျေးစွာ ပြုမူ ဆက်ဆံနေထိုင်တတ်စေရန်နှင့် လူမှုဝန်းကျင်ကောင်းဖြစ်စေရန်မျိုးစေ့ချ လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

     ရှေးဦးစွာ သက်ကြီးအဖိုးအဖွားများကို ပူဇော်ကန်တော့ပွဲပြုလုပ်ပြီး ချင်တောင်ကျေးရွာ ရေလဲကျောင်း တိုက်ဆရာတော်ဦးပါမောက္ခနှင့်ဆရာတော်ကြီးများကြွရောက်ချီးမြှင့်ပေးတော်မူကြပြီးသီလခံယူဆောက်တည်သြ၀ါဒ စကားများကိုနာယူကြသည်။ ထို့နောက် ကျေးရွာ (၄)ရွာမှ အသက်(၇၅)နှစ်အထက် သက်ကြီး အဖိုး အဖွား (၁၃၀)ဦးအား ပူဇော်ကန်တော့ခဲ့ပြီး အဖိုးအဖွားများအား အားဆေးနှင့် အသုံးအဆောင်ပစ္စည်းများအပြင် တစ်ဦးလျှင် ငွေကျပ် တစ်သောင်းခွဲစီကို လှူဒါန်းခဲ့သည်။
     ဆက်လက်၍ အလင်းစေတမန်စာကြည့်တိုက်ဖွင့်ပွဲကို ကျင်းပခဲ့ပြီး စာကြည့်တိုက်အဆောက်အဦကို ချင်တောင်ကျေးရွာ ရေလဲကျောင်းတိုက်ဆရာတော် ဦးပါမောက္ခ၊  အလှူရှင်ဦးသက်ခိုင်၊ဒေါ်ခင်ဆွေဝင်း  (စေတမန်) ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမိသားစုနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးမြင့်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးမြင့်အောင်၊ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ဦးစီးမှူးဦးသန်းမြင့်ထွန်းနှင့်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစိုးတင့်တို့က စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
အလင်းစေတမန်စာကြည့်တိုက်ကို အလှူရှင်မိသားစုက မိမိတို့ပိုင်ဆိုင်သည့် ကာလတန်ဖိုး ငွေကျပ်သိန်း (၄၀)တန်ဖိုးရှိ ပေ (၄၀ × ၄၀) မြေနေရာနှင့် ငွေကျပ် သိန်း(၄၀) တန်ဖိုး (အလျား ၂၄ ပေ × အနံ ၂၀ ပေ × အမြင့် ၁၃ ပေ) ရှိ RC အုပ်ညှပ်တစ်ထပ်အဆောက်အဦကို ဆောက်လုပ်လှူဒါန်းပေးခဲ့ပြီး စာရေးဆရာကြီးများ၏ စာအုပ် စာပေများကိုလည်းလှူဒါန်းပေးခဲ့ကြောင်း၊  လျှပ်စစ်မီးသွယ်တန်းပြီးစီးသွားပါက ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ အင်တာနက်WiFiစက်များကိုလည်း တပ်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
                                                                                     
                                                                                                     ကိုမျိုး(ဆိပ်ဖြူ)

0 comments:

Post a Comment