Monday, April 2, 2018

မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်


ငဖဲ  မတ်  ၃၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၄-၂၀၁၅ခုဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ(၂)ရွာ၊ ၂၀၁၅-၂၀၁၆ခုဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ(၁၀)ရွာ၊ ၂၀၁၆-၂၀၁၇ခုဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ(၈)ရွာ၊ စုစုပေါင်းမြစိမ်းရောင်ကျေးရွာ(၂၀)၊စုစုပေါင်းအသင်းသားဦးရေ(၂၂၇၇)ဦး၊  စုစုပေါင်းချေးငွေပမာဏ(၇၁၈.၀၁)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။  အဆိုပါကျေးရွာများအား စီမံကိန်းနှင့်ပတ်သက်၍ အားနည်းချက်၊အားသာချက်သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌(၃၁.၃.၂၀၁၈)ရက်နေ့၊ နံနက်(၁၀၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စီမံကိန်းကျေးရွာ(၂၀)မှ ကော်မတီဝင်များနှင့် သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ပြည်သူလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘဏ္ဍာရေးနှစ်အလိုက်ဆောင်ရွက်ခဲ့သော စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ စံပြဆု၊ စာရင်းဇယားမှန်ကန်မှုဆုနှင့် စည်းလုံးညီညွတ်မှုဆုများ ရွေးချယ်ချီးမြှင့်ရသည့်အကြောင်းအရင်းများနှင့်ပတ်သက်၍လည်းကောင်း မြို့နယ်ကျေးလက်ဦးစီးမှူးမှ ရှင်းလင်းပြောကြားခဲ့ပါသည်။
၎င်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး စံပြဆုရရှိသော မင်းလွင်ကျေးရွာ၊ စည်းလုံးညီညွတ်မှုဆုရရှိသော ဝင်္ဂဘာကျေးရွာနှင့် စာရင်းဇယားမှန်ကန်မှုဆုရရှိသော ရေပုတ်ကျေးရွာတို့အား ဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပေးခဲ့ပါသည်။
ငဖဲကျေးလက်/ရုံး

0 comments:

Post a Comment