Monday, April 2, 2018

ဆင်ဖြူကျွန်းမြို့၌ ၂၅ ကုတင်ဆံ့ ပြည်သူ့ဆေးရုံ (၂)ထပ်လူနာဆောင်နှင့် ဆရာဝန်အိမ်ရာသစ်ဖွင့်လှစ်




စလင်း၊ မတ် ၂၉
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် ၂၅ ကုတင်ဆံ့ ပြည်သူ့ ဆေးရုံ(၂)ထပ်လူနာဆောင်နှင့် ဆရာဝန်အိမ်ရာသစ်ဖွင့်ပွဲကို မတ်လ ၂၉ ရက်နေ့က အဆိုပါအဆောက်အဦ ရှေ့၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတာ နှင့်အစိုးရအဖွဲ့ဝင်များ၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ စလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖပြည်သူများ တက်ရောက် ခဲ့ကြပြီး ဆေးရုံအဆောက်အဦးအား ဖဲကြီးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်အစိုးရအဖွဲ့မှ (၂)ထပ်လူနာဆောင် ဆောက်လုပ်ပြီးစီးခြင်း ကမ္ဗည်းမော်ကွန်းအား အမွေးနံသာများဖြင့် ပတ်ဖြန်းပြီး စုပေါင်း၍အမှတ်တရမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။

          ဆက်လက်၍ အခမ်းးအနားကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ မကွေးတိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ၄င်းနောက် ဆေးရုံအဆောက်အဦနှင့် ဆရာဝန်အိမ်ရာသစ်အား တာဝန်ယူဆောက်လုပ်သည့် လွှမ်းထက်အောင်ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဦးအောင်သူရမှ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ဆင်ဖြူကျွန်းမြို့ ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာ မြတ်ကိုကိုငြိမ်းထံ ပေးအပ်ခဲ့ပါသည်။ ထိုနောက် ပြည်သူ့ဆေးရုံဆောက်လုပ်ပေးခြင်း နှင့်ပတ်သက်၍ မြို့မိမြို့ဖ တစ်ဦးမှကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ယခုဖွင့်လှစ်သည့် ပြည်သူ့ဆေးရုံပင်မလူနာဆောင်ကို ၂၀၁၅ ခုနှစ်စက်တင်ဘာလတွင် စတင်ဆောက်လုပ် ခဲ့ကာ အလျား ၁၃၄ ပေ၊ အနံ ၅၆ ပေ အာစီ နှစ်ထပ် အဆောက်အဦဖြစ်ပြီး အလျား ၄၂ ပေ၊ အနံ ၃၈ ပေ တာဝန်ကျ ဆေးရုံအုပ်နေအိမ် တစ်လုံးနှင့် အလျား ၄၄ ပေ၊ အနံ ၃၆ ပေ လက်ထောက် ဆရာဝန်နေအိမ် တစ်လုံးပါရိုပြီး နိုင်ငံတော်အစိုးရခွင့်ပြုငွေကျပ် ၄၂၄.၅ သန်း ဖြင့်ဆောက်လုပ်ခဲ့ကြောင်း တာဝန်ယူ ဆောက်လုပ်ခဲ့သည့် လွှမ်းထက်အောင် ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင်သူရ မှပြောကြား ပါသည်။
စိုးမိုးသူ (ပြန်/ဆက်)

0 comments:

Post a Comment