Friday, March 9, 2018

ပွင့်ဖြူမြို့နယ်တွင် နွေရာသီ အားကစား အခြေခံသင်တန်း(၂၀၁၈) ဖွင့်လှစ် သင်ကြားပေးလျက်ရှိ


ပွင့်ဖြူ  မတ်   ၉

နွေရာသီ ကျောင်းပိတ်ရက်ကာလ ကျောင်းသားကျောင်းသူများ စိတ်ဓာတ်ခွန့်အား ကောင်းမွန်စေရန်နှင့် အားကစား ပြုလုပ်ခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်ပြီး ကိုယ်ကာယ ကြံ့ခိုင်သန်စွမ်းစေရန်အတွက် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ယခုလ ၂  ရက်နေ့မှ စတင်ကာ အခြေခံအားကစားနည်း သင်တန်းများဖြစ်သည့် ဘောလုံးကစားနည်း၊ ဘော်လီဘောကစားနည်း၊ ပိုက်ကျော်ခြင်း ကစားနည်းနှင့် စားပွဲတင်တင်းနစ် ကစားနည်း၊ စုစုပေါင်း အခြေခံအားကစားနည်းသင်တန်း(၄)မျိုး  ဖွင့်လှစ်သင်ကြားပေးလျက်  ရှိကြောင်း ပွင့်ဖြူမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးမှ သိရသည်။ 

“ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး နွေရာသီ ကျောင်းပိတ်ရက်ကာလ ကျောင်းသားကျောင်းသူများ စိတ်ဓာတ်ခွန့်အား ကောင်းမွန်လာစေဖို့ရန်နှင့် အားကစားနည်းများ လေ့ကျင့်ကစားခြင်းဖြင့် ကျန်းမာ ရေးကောင်းမွန်ပြီး ကိုယ်ခန္ဓာ ကြံ့ခိုင်သန်မာစေရန်တို့ကို ရည်ရွယ်ပြီးတော့ နွေရာသီအားကစား အခြေခံသင်တန်း(၂၀၁၈)ကို ဖွင့်လှစ်ပြီး၊ အခြေခံအားကစားနည်းများဖြစ်တဲ့ ဘောလုံးကစားနည်း၊ ဘော်လီဘောကစားနည်း၊ ပိုက်ကျော်ခြင်းကစားနည်းနှင့် စားပွဲတင်တင်းနစ်ကစားနည်း စသည့် အားကစားနည်း(၄)မျိုးကို လေ့ကျင့်သင်ကြားပေးနေပါတယ်။ ဒီအားကစားနည်းသင်တန်း ကိုတော့ ယခုလ ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး၊ ဘောလုံးကစားနည်း၊ ဘော်လီဘောကစားနည်းနှင့် ပိုက်ကျော်ခြင်းကစားနည်း သင်တန်းတွေကို ပွင့်ဖြူမြို့မ အားကစားကွင်းမှာ လေ့ကျင့်သင်ကြား ပို့ချပေးလျက်ရှိပြီး၊ စားပွဲတင်တင်းနစ်ကစားနည်း သင်တန်းကိုတော့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှာ လေ့ကျင့်သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ယခု ဖွင့်လှစ်တဲ့  အခြေခံအားကစားနည်း သင်တန်း(၄)မျိုးမှာ သင်တန်းသား စုစုပေါင်း (၁၇၃)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်း ကာလမှာ ယခုလ ၂ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွေကိုလည်း သင်တန်းနည်းပြများအနေနဲ့ ထူးချွန်ထက်မြက်သော အားကစားသမားဖြစ်လာစေဖို့ စနစ်တကျ လေ့ကျင့် သင်ကြားပေးနေ ပါတယ်။ ဒါ့အပြင် ယခုဖွင့်လှစ်တဲ့ သင်တန်းတွေပြီးသွားရင်လည်း ပွင့်ဖြူမြို့နယ် ရှောက်တော(အ.ထ.က)ကျောင်းမှာ အမျိုးသမီး များအတွက် အမျိုးသမီးဘောလုံး ကစားနည်း၊ အေရိုးဗစ် ကစားနည်း၊ စားပွဲတင်တင်းနစ် ကစားနည်း စသည့် သင်တန်း(၃)ခုကို လည်း မတ် ၂၂ ရက်နေ့မှ ဧပြီ ၄ ရက်နေ့အထိ ထပ်မံဖွင့်လှစ်ပြီး လေ့ကျင့်သင်ကြားပေးအုံးမှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးရန်လင်းအောင်က ပြောပြ၍ သိရသည်။  ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment