မင်းဘူး မတ် ၂
မကွေးတိုင်းဒေသကြီး၊
မင်းဘူး(စကု)မြို့နယ်၊ သမိုင်းဝင်မန်းရွှေစက်တော်ရာဘုရားပွဲတွင် ပွဲတော်ကာလ အတွင်း
ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိရာ ယခုလို တပေါင်းလပြည့်နေ့အပါအ၀င် ရုံးပိတ်ရက်ရှည်
ကာလအတွင်း အစိုးရ ၀န်ထမ်းများ၊ ဘုရားဖူးခရီးသွားပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း
သိရှိရသည်။
“ကျွန်တော်က ဧရာဝတီတိုင်း၊ မြောင်းမြမြို့ကနေ မိသာစုနဲ့အတူ
ဘုရားဖူးလာရောက်ခြင်း ဖြစ်ပါတယ်၊ ကလေးတွေ ကျောင်းပိတ်ရက်နဲ့ ရုံး(၄) ရက်ပိတ်တာကြောင့်
ခုလိုလာဖြစ်သွားတာပါ၊ မနေ့က ရွှေစက်တော်မှာ တစ်ညအိပ်တယ်၊ ဒီနေ့ ဘုရားဖူးအပန်းဖြေပြီး
မင်းဘူးမြို့မှာရှိတဲ့ စက္ကိန်းတဲဘုရားနဲ့ နဂါးပွက်တောင် တွေကို သွားမှာဖြစ်ပါတယ်’’
ဟု ဦးသိန်းဝင်းမှ ပြောသည်။
“ ဦးက ပင်စင်စား ၀န်ထမ်းတစ်ဦးပါ၊ ဦးတို့ လပြည့်နေ့မနက်မှာ
နေပြည်တော်ကနေ ထွက်လာတာ၊ ရွှေစက်တော် ခဏ၀င်ဖူးပြီး ငပလီကို ဆက်သွားမှာပါ" ဟု ဦးကျော်ရွှေမှ
ပြောသည်။
“ကျွန်တော်တို့ အခုလိုရုံးပိတ်ရက်မှာ
အိမ်နီးနားချင်းတွေနဲ့အတူ ဘုရားဖူးထွက်လာကြတာပါ၊ ကလေး တွေလည်း ကျောင်းပိတ်သွားပီဆိုတော့
အိမ်နားကမိသားစုတွေစုပြီး လာကြတာပါ၊ ကျွန်တော်တို့ မန်းရွှေစက်တော် ဘုရားပွဲကို နှစ်တိုင်းရောက်ဖြစ်ပါတယ်၊
ဒီနေ့ တပေါင်းလပြည့်နေ့ ဖြစ်တဲ့အတွက် ရွှေစက်တော်မှာ ဘုရားဖူးလာကြ သူတွေနဲ့ အရမ်းစည်ကားနေပါတယ်”ဟု အထက် မင်းလှမြို့မှ ဦးငြိမ်းချမ်း ကပြောသည်။
'' ကျွန်တော်က နေပြည်တော်ကနေ
ဘုရားဖူးလာတာပါ၊ မင်းဘူးဇာတိဆိုတော့ ဒီအချိန်၊ ဒီရာသီမှာ ရွှေစက်တော်ဘုရားပွဲကို
မလာပဲမနေနိုင်ဘူး၊ ကိုယ်တတ်နိုင်သမျှလည်း ဘိုးဘွားတွေကို
ဘုရားဖူးလိုက်ပို့ရင်းပေါ့ '' ဟု ကိုရဲမင်းက ပြောသည်။
မြန်မာနိုင်ငံရှိ အရှည်ကြာဆုံး ပွဲတော်တွေထဲတွင်
တစ်ခုအပါအ၀င်ဖြစ်သည့် မန်းရွှေစက်တော်ဘုရား ပွဲတော် ကို နှစ်စဉ်တပို့တွဲလဆန်း(၅)ရက်နေ့မှ
မြန်မာနှစ်ဆန်း(၁)ရက်နေ့အထိ ရက်ပေါင်း ၈၇
ရက်တိုင်အောင် ကျင်းပလျက်ရှိရာ တပေါင်းလပြည့်နေ့အပါအ၀င် ရုံးပိတ်ရက်ရှည်ကာလတို့တွင်
မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲအပါအ၀င် စက္ကိန်းတဲဘုရားနှင့် နဂါးပွက်တောင်တော်
တို့၌ ဘုရားဖူးပြည်သူများ၊ ဘုရားဖူးလာရောက်သည့် ၀န်ထမ်းများဖြင့် စည်ကား လျက် ရှိကြောင်း
သိရှိရပါသည်။
မျိုးမြတ်(မင်းဘူး)
0 comments:
Post a Comment