Thursday, March 22, 2018

အလုပ်အကိုင်အခွင့်အလမ်း ပေါ်ပေါက်စေရန် အခမဲ့အခြေခံဂျပန်စကားပြောသင်တန်းဖွင့်လှစ်




စလင်း၊ မတ် ၂၁
          မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အရပ်ဖက် အဖွဲ့အစည်းများ၊ မကွေးမြို့ထနောင်းရင်ခွင်စာပေဝိုင်းတို့ပူးပေါင်း၍ အခြေခံ ဂျပန်စကားပြောသင်တန်း အပတ်စဉ် (၁/၂၀၁၈)ကို စလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ မတ်လ ၂၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်က ဖွင့်လှစ်ခဲ့ပါသည်။
          သင်တန်းဖွင့်ပွဲတွင် မြို့နယ်အော်ဂဲနစ်စိုက်တောင်သူများအဖွဲ့ဥက္ကဌ ဦးဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးသိန်းဆွေမှ ဒေသတွင်းလူငယ်လူရွယ်များ ရေရှည်အလုပ်အကိုင် အခွင့်အလမ်းများပေါ်ပေါက်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ပါသည်။ အဆိုပါသင်တန်းတွင် မကွေးမြို့တွင် ဂျပန်စကားပြောသင်တန်း တက်ရောက်ပြီးသော သင်တန်းသူ/သားများက ဂျပန်ဘာသာဖြင့်စကားပြောခြင်းကို သင်တန်းတက်ရောက်သော သင်တန်းသူ/ သားများအား လက်တွေ့ပြောဆိုပြသခဲ့ကြပြီး သင်တန်းကိုဖွင့်လှစ်ခဲ့သည်။ အဆိုပါသင်တန်းကို အခြေခံပညာ ဆဌမတန်းအောင်မြင်ပြီးသူတိုင်း တက်ရောက်သင်ကြားနိုင်ပြီး သင်တန်းကာလမှာ မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့ထိ ရက်ပေါင်း ၂၀ ကြာမြင့်မည်ဖြစ်၍ တစ်နေ့လျှင် နေ့လည် ၁၂ နာရီမှ ၁း၃၀ အချိန်ထိ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။ သင်တန်းပြီးဆုံးပါက သင်တန်းဆင်း လက်မှတ်များ ပေးအပ်မည်ဖြစ်ပြီး လက်တွေ့ကွင်းဆင်းမှုအနေဖြင့် ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဂျပန်ခရီးသွားဧည့်သည်များဖြင့် လက်တွေ့စကားပြောကြားရမည်ဖြစ်ပြီး စာတွေ့ဖြေကြားခြင်းကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း စေတုတ္တရာမြို့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သင်တန်းဖြစ်မြောက်ရေး ကူညီဆောင် ရွက်သူ ဦးဝင်းမြင့်ထွေးမှ ပြောကြားသည်။ ထိုသင်တန်းတွင် သင်တန်းသူ/သား ၂၁ ဦး တက်ရောက်သင်ကြားလျှက်ရှိပြီး လေ့လာသူ ၇ ဦး ရှိကြောင်းသိရှိရသည်။
စိုးမိုးသူ(ပြန်/ဆက်)

0 comments:

Post a Comment