Monday, March 5, 2018

စိုက်ပျိုးရေးလုပ်ငန်းများအတွက် ပေးပို့သော ဆိုင်ကယ်များ ဂန့်ဂေါသို့ရောက်ရှိ




 ဂန့်ဂေါ မတ် ၃

          မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင်  တာဝန် ထမ်းဆောင်လျက်ရှိသည့်ဝန်ထမ်းများ စိုက်ခင်းများအရောက် အဆင်ပြေစွာသွားလာ၍ ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆိုင်ကယ်များထုတ်ပေးရာ မတ် ၂ ရက်က ဂန့်ဂေါမြို့သို့ ရောက်ရှိလာပြီဖြစ်သည်။

          အဆိုပါ ဆိုင်ကယ်များမှာ ပြည်ထောင်စုအစိုးရက IRM Project ချေးငွေဖြင့် ပံ့ပိုးသောဆိုင်ကယ်များ ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက တစ်ဆင့် ထုတ်ပေးခြင်းဖြစ်ကာ HONDA WAVE 110 များ  ၁၀ စီး ရောက်ရှိလာခြင်းဖြစ်သည်။ တစ်စီးလျှင် ငွေကျပ် ၁၃ သိန်းခွဲတန်ဖိုးရှိ၍ စိုက်ပျိုးပညာပေးရေး ကွင်းဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် အသုံးပြုသွားမည်ဟု သိရသည်။

          ဆိုင်ကယ်များ ပံ့ပိုးရရှိသဖြင့် “ ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်ရာမှာ ပိုမို ထိရောက် အဆင်ပြေစွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်၊ ရေကြီးရေလျှံခြင်း ၊သဘာဝဘေးနှင့် ပိုးမွှားရောဂါ ကျရောက်ခြင်းများရှိပါက အလျင်အမြန် သွားရောက်ကွင်းဆင်းပြီးတော့ ချက်ချင်းတုန့်ပြန် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် ” ဟု ဂန့်ဂေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတစ်ဦး က ပြောသည်။

          ဂန့်ဂေါမြို့နယ်သည် တောင်မြောက်ရှည်လျားပြီး မိုင်အားဖြင့် ၇၇ မိုင်ခန့်ရှိ၍ တောင်ဆင်း တောင်တက် အကွေ့အကောက်ပေါများကာ လိုင်းကားမရှိနိုင်သည့်ကျေးရွာများ၊ မော်တော်ကား ဝင်ထွက်ရခက်သည့် ဒေသများလည်းရှိရာ ယခု မော်တော်ဆိုင်ကယ်များ ရရှိသဖြင့် စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေး၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းများကွင်းဆင်း၍ လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမို ထိရောက် အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။

စိန်ကျော်(ဝါးဘိုးချောင်)

0 comments:

Post a Comment