Friday, March 9, 2018

မင်းဘူးခရိုင်အတွင်းရှိ ရေလှောင်တမံများ ယခုနှစ်တွင် ရေပိုမိုသိုလှောင်ခဲ့သဖြင့် မင်းဘူး၊ပွင့်ဖြူ၊စလင်း၊ငဖဲ ဒေသများတွင် နွေသီးနှံ စိုက်ခင်းများဖြင့် စိမ်းလန်းဝေဖြာကြတော့မည်


မင်းဘူး မတ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အုပ်ချုပ်မှု အောက်တွင် ထိန်းသိမ်းထားသော ဆည်/တမံများမှ ၂၀၁၇-၁၈ ခုနှစ် နွေစပါးနှင့် နွေသီးနှံများ စိုက်ပျိုးရန် ရေစတင် ပေးဝေနေပြီဖြစ်ကြောင်း သိရသည်။

မဲဇလီရေလွှဲဆည်နှင့် မန်းချောင်းရေလှောင်တမံမှ နွေစပါးနှင့် နွေသီးနှံများ စိုက်ပျိုးရန်အတွက် ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှ စတင်၍ ရေပေးဝေနေပြီ ဖြစ်ပါသည်။ အိုင်းမရေလွှဲဆည်မှလည်း နွေနှမ်းစိုက်ပျိုးရန် မတ်လ(၁) ရက်နေ့တွင် ရေစတင်ပေးဝေနေခဲ့ပြီ ဖြစ်ပါသည်။ ယခုအခါ မင်းဘူးခရိုင်အတွင်းရှိ ဆည်ရေသောက် ဧရိယာများတွင် ဆည်ရေပေးဝေ နေပြီးဖြစ်၍ တောင်သူကြီးများမှ လယ်မြေများတွင် မြေပြင်ခြင်း၊ ပျိုးထောင်ခြင်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။ မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်း မှ '' ကျွန်တော်တို့ ဒီနှစ်ရေသိုလှောင်မှုအရ ဆည်/တမံများ ရေလုံလောက်ပြည့်ဝစွာ သိုလှောင်ထားရှိနိုင်ခဲ့တဲ့အတွက် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရန် ရေကိုလျာထားဧကများအားလုံး အပြည့်အ၀ပေးနိုင်မှာ ဖြစ်ကြောင်း တူးမြောင်းများ၊ တူးမြောင်းအဆောက်အအုံများအား ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်လျက် ရှိသည့် အတွက် ရေသိုလှောင်မှုအရ စိုက်ပျိုးရေ သေချာလုံလောက်စွာ ပေးဝေနိုင်မှာ ဖြစ်ကြောင်း'' ရှင်းလင်းပြောကြားသည်။

၂၀၁၇-၁၈ ခုနှစ်တွင် နွေစပါး/နွေနှမ်း ဧကပေါင်း(၈၁၀၀၀) ကျော်ကို ရေလုံလောက်စွာပေးဝေနိုင်မည်ဖြစ်ပြီး မုန်းချောင်းရေလှောင်တမံ၊ ကြီးအုံကြီးဝရေလှောင်တမံတို့မှ ရေအပြည့်အ၀သိုလှောင်နိုင်သည့်အတွက် မဲဇလီရေလွှဲဆည်မှ နွေစပါး မူလလျှာထားဧက (၃၅၈၉၆) တိုးချဲ့ (၂၀၀၀) ဧက စုစုပေါင်း(၃၇၈၉၆)ဧက တို့ကို တိုးချဲ့ရေပေးဝေရန် တောင်သူများအား စည်းရုံး၍ လျာထားခဲ့ပါသဖြင့် စုစုပေါင်း နွေသီးနှံဧက (၈၅၄၀၀) ကျော်ကို စိုက်ပျိုးနိုင်မည် ဖြစ်ပါကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စိုက်ဧကအားလုံးကို ရေအပြည့်အ၀ ပေးဝေနိုင်မည်ဖြစ်ပြီး  ဒေသခံ တောင်သူဦးကြီးများနှင့် ပြည်သူများ စားဝတ်နေမှုဖူလုံရေး၊ လူမှုဘ၀တိုးတက်မြင့်မားရေးအတွက် တာဝန်နှင့် စေတာပေါင်းစပ်ကာ အပြည့်အ၀ကူညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် ဆည်/တမံများမှ ရေပိုမိုသိုလှောင်နိုင် သည့်အတွက် ၂၀၁၇-၁၈ နွေသီးနှံ အပြည့်အ၀ စိုက်ပျိုးနိုင်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

သန်းဌေး(မင်းဘူး)

0 comments:

Post a Comment