Sunday, March 18, 2018

အဆိုတော် တသသပိုင်၏ ကျပ်သန်း (၄၃၁၇၂) ကျော်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရမှု ခရိုင်တရားရုံးသို့ပြင်ဆင်မိန့်တင်မည်

အဆိုတော် တသသပိုင်၏ ကျပ်သန်း (၄၃၁၇၂) ကျော်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရမှု ခရိုင်တရားရုံးသို့ပြင်ဆင်မိန့်တင်မည်
=====================
မန္တလေး၊ မတ် ၁၈၊ ၂၀၁၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ် ကန်တောင်ကျေးရွာရှိ မခိုင် (ခ) အဆိုတော် တသသပိုင်၏ ကျပ်သန်း (၄၃၁၇၂) ကျော်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရမှုကိုမြို့နယ်တရားရုံးက ပယ်ချလိုက်သောကြောင့် ခရိုင်တရားရုံးသို့ ပြင်ဆင်မိန့်တက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုတော် တသသပိုင်၏ နေအိမ်အတွင်းမှ ရွှေပါ ဗြုံးအိတ်များနှင့် မြေများ စုစုပေါင်း ကျပ်သန်း (၄၃၁၇၂) ကျော်ဖိုးရှိ ပစ္စည်းများကို ကန်တောင်ကျေးရွာနေ ဇော်မျိုးထွန်း ၊ ဒေါ်ဝေစန်း ၊ ညီညီဇော် နှင့်အလုပ်သမား (၁၃) ဦး တို့က ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်း ခိုးယူသွားခဲ့သည်။ ၂၀၁၅ ခုနှစ် ဇွန်လတွင် ယင်းကိစ္စအတွက် လက်ပန်လှရဲစခန်းတွင် (ပ) ၇၂/၂၀၁၅ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားခဲ့သည်။
``အဲ့ဒီခိုးမှုပုဒ်မက ရဲစခန်းက တပ်ပေးတာ ။ ကျွန်မ ပစ္စည်းတွေ ယူသွားတုန်းက ရဲတွေလည်းပါတယ် ။ ရဲတွေကို အမှုဖွင့်မရဘူးလို့ ပြောလို့ အဲ့ဒီကတည်းက အပြင်အရပ်သားတွေပဲ အမှုဖွင့်ထားတာ ။ အမှုဖွင့်ပြီးတော့လည်း ရဲတွေက မဖမ်းဘူး ။ တရားခံတွေက အလှူတောင်ပေးကြသေးတယ် ။ အဲ့ဒီလို အမှုဖွင့်ဖို့ကိုလည်း ကျွန်မရှေ့နေကနေ တစ်ဆင့် ကျပ်သိန်း ၃၀၀ ပေးပြီးမှ ဖွင့်ရတယ် ။ မဖမ်းလို့ဆိုပြီး နေပြည်တော်က အထူးတပ်ဖွဲ့လား ဘာလား မသိဘူး သူတို့ လာဖမ်းမယ်ဆိုပြီး ခရီးစရိတ် သိန်း ၂၅၀ ပေးရတယ် ။ ဒါလည်း ဖမ်းမသွားဘူး ။ ကျွန်မတို့ ကိုယ်တိုင်ဖမ်းပေးမှ မိတ္ထီလာဘက်မှာ မိတာ။´´ ဟု အဆိုတော် တသသပိုင် က ပြောသည်။
စဥ့်ကူးမြို့နယ် တရားသူကြီးသည် အဆိုပါအမှုမှ ကျူးလွန်သူများကို အာမခံပေးခြင်း ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ခိုးမှုမမြောက်ကြောင်း အမိန့်ချမှတ်ခဲ့သည်။
``သူတို့ လာတာ က ရဲအင်အား ၁၀၀ လောက်နဲ့ တရားခံလာရှာမယ်ဆိုပြီး ဝင်တယ်။ ပြီးတော့ ဗြုံးအိတ်တွေ မသွားတယ် ။ အကုန်ယူသွားတယ် ။ ပေါ်တင်သယ်တာ၊ ရဲတွေတောင် သယ်သွားတဲ့အထဲပါတယ်။ဒါကိုလည်း သက်သေတွေရှိတယ် ။´´ ဟု အဆိုတော် တသသပိုင်က ဆက်ပြောသည်။
ယင်းအမှုအတွက် မတ်လ တတိယအပတ်အတွင်း ပြင်ဦးလွင်ခရိုင်တရားရုံးသို့ ပြင်ဆင်မိန့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်းဦး

0 comments:

Post a Comment