Friday, March 9, 2018

ပွင့်ဖြူမြို့နယ်ပြန်/ဆက်ဦးစီးဌာနရုံးတွင် အေးချမ်းသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြပွဲ ၊ စာအုပ်ပြပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ




ပွင့်ဖြူ    မတ်    ၁၀
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကြီးမှူးကျင်းပ ပြုလုပ်သည့် အေးချမ်းသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် စာကြည့်တိုက်(၃၈)တိုက်အတွက် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို မတ် ၁၀ ရက်၊ ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသန္တာအောင်က ရောင်စုံ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ၊ စာအုပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက လွှတ်တော်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပေး ရှင်းလင်းပြောကြားပြီး၊ တက်ရောက်လာကြသည့်စာကြည့်တိုက်ကော်မတီဝင်များအား စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက် အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် စာကြည့်တိုက်မရှိသည့်ကျေးရွာများအား စာကြည့်တိုက်အဆောက်အဦ မြေနေရာရရှိရေး ဆောင်ရွက်ပြီး စာကြည့်တိုက်ဆောက်လုပ်ရန် အချက်အလက်များကို တင်ပြပေးပါက မိမိအနေဖြင့် တတ်နိုင်သမျှ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်၍ Save The Library အဖွဲ့မှ တာဝန်ခံ ဦးသန်းတင့်အောင်က မြို့နယ်အတွင်း Save The Library အဖွဲ့၏ ဆောင်ရွက်ပေးနေမှု လုပ်ငန်းများကို အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသော ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များက စာကြည့်တိုက်ဖွင့်လှစ်ဆောင်ရွက်နေမှု လုပ်ငန်းများနှင့် ပက်သက်၍ ရှင်းလင်းတင်ပြကြရာ တာဝန်ရှိသူ များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။   ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့်  မြို့နယ်ဦးစီးမှူးက ပွင့်ဖြူမြို့နယ်အတွင် ဖွင့်လှစ်ထားရှိသည့်ကျေးရွာစာကြည့်တိုက်(၃၈)တိုက်မှ စာကြည့်တိုက် ကော်မတီဝင်များထံ စာအုပ်များ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ ဖိတ်ကြား ထားသည့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ကျောင်းသားကျောင်းသူမောင်မယ်များက ခင်းကျင်းပြသထားသည့် နိုင်ငံတစ်ဝန်းရှိ ရှုမောဖွယ်ရာ ရောင်စုံဓာတ်ပုံမှတ်တမ်းများကို စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြပြီး၊ ပြသထားသော သုတရသ စာအုပ်စာစောင်များကို အားပါးတရ လေ့လာဖတ်ရှုခဲ့ကြသည်။ ယင်းနောက် မြို့နယ်ရုံး (MUSEUM) ပြတိုက်တွင် ခင်းကျင်းပြထားသော ဒေသထွက်ကုန်ပစ္စည်းများ၊ ရုံလေးရုံဘုရားသမိုင်းအထောက်အထားများနှင့် ပွင့်ဖြူမြို့နယ်ဆိုင်ရာ သမိုင်းအထောက်အထားများကို လေ့လာကြည့်ရှုကြပြီး၊ ရုံးစာကြည့်တိုက်တွင် စာငှားအသင်းဝင်ကတ်များ ပြုလုပ်ကာ ကြိုက်နှစ်သက်ရာ သုတရသစာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုခဲ့ ကြကြောင်း သိရှိရပါသည်။  ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment