Monday, March 5, 2018

မင်းဘူးမြို့ စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကုန်သွယ်လုပ်ငန်းခွန် ရန်ပုံငွေကျပ် သိန်း(၂၀၀)ဖြင့် မိုးရာသီကာလ ရေစီးရေလာကောင်းမွန်ရေး အုတ်ရေနုတ်မြောင်း တူးဖော်ဆောင်ရွက်




မင်းဘူး   မတ်  
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ရပ်ကွက်နေပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်စေရန်တို့ကို ရည်ရွယ်၍ တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ကုန်သွယ်လုပ်ငန်းခွန် ရန်ပုံငွေကျပ် သိန်း(၂၀၀)ဖြင့် မင်းဘူး(စကု)မြို့ အမှတ်(၃)ရပ်ကွက် ဦးဩဘာသလမ်း လမ်းဘေး(ဝဲ ၊ ယာ)အား မိုးရာသီကာလ ရေစီးရေလာကောင်းမွန်ရေးအတွက် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ အုတ်ရေနုတ် မြောင်းများ တူးဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး၊ လတ်တလောအခြေအနေတွင် လုပ်ငန်းပြီးစီးမှု (၇၀)ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
          ထိုသို့ မြို့အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ရပ်ကွက်နေပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင် စေရန်ရည်ရွယ်၍ ပြုလုပ်သည့် မင်းဘူး(စကု)မြို့ အမှတ်(၃)ရပ်ကွက် ဦးဩဘာသလမ်း လမ်းဘေး(ဝဲ၊ ယာ) အုတ်ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို မတ် ၅ ရက်၊ ယနေ့နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးနွဲ့အောင်၊ အမှုဆောင်အရာရှိ ဦးဝင်းနိုင်နှင့် တာဝန်ခံ အင်ဂျင်နီယာ ဦးကျော်ခိုင်ထွန်းတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းဆောင် ရွက်သည့်တာဝန်ခံ အင်ဂျင်နီယာ ဦးအောင်ဗိုလ်သိမ်းမှ လတ်တလော ရေနုတ်မြောင်းတူးဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရန် ပစ္စည်းစုဆောင်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပေးခဲ့သည်။
          အဆိုပါ မင်းဘူး(စကု)မြို့ အမှတ်(၃)ရပ်ကွက် ဦးဩဘာသလမ်းမှာ ယခင်က ရေနုတ်မြောင်းမရှိခြင်းကြောင့် မိုးတွင်းကာလများတွင် ရပ်ကွက်နေပြည်သူများ သွားလာအသုံးပြုသည့်လမ်းမပေါ်သို့ ရေများစီးဆင်းခြင်း၊ အချို့နေရာများတွင် ရေစီးရေလာမှု မရှိခြင်းနှင့် ရေတိုက်စားမှုကြောင့် လမ်းမပေါ်တွင် ချိုင့်ခွက်များဖြစ်ပေါ်ပြီး လမ်းပျက်စီးမှုများ ဖြစ်ပေါ်၍ ဒေသခံပြည်သူများ သွားလာရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။ သို့ဖြစ်၍ မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်နေပြည်သူများ ရာသီမရွေး သွားလာမှုအဆင်ပြေစေပြီး ကျန်းမာရေးကောင်းမွန်စွာ နေထိုင်သွားနိုင်ရန်နှင့် မြို့အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသပ်ရပ်မှုရှိစေရန်အတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကုန်သွယ်လုပ်ငန်းခွန် ခွင့်ပြုရန်ပုံ ငွေကျပ် သိန်း(၂၀၀)ဖြင့် မင်းဘူး(စကု)မြို့ အမှတ်(၃)ရပ်ကွက် ဦးဩဘာသလမ်း အရှည်ပေ(၈၃၀)အား လမ်းဘေး(ဝဲ၊ ယာ)တွင် အကျယ် (၂)ပေ၊ ၆ လက်မ ၊ အနက်(၃)ပေ ရှိ အုတ်ရေနုတ်မြောင်းအား တူးဖော်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရပြီး၊ အဆိုပါ အုတ်ရေနုတ် မြောင်းတူးဖော်ခြင်းလုပ်ငန်းအား ယခုလကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ခံ အင်ဂျင်နီယာ ဦးကျော်ခိုင်ထွန်းက ပြောပြ၍ သိရသည်။   ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment